CRPH ၏ အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းမှု ကရင်နီ ပါတီ လက်မခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးဆွဲထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာ တမ်း အစိတ်အပိုင်းပါ အချက်များကို အခြေမခံပဲ ဖွဲ့စည်းမည့် မည်သည့် အုပ်ချုပ်ရေး အဖွဲ့ကိုမှ လက်ခံ မည် မဟုတ်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ဧပြီလ ဒုတိယအပတ်အတွင်းမှ စတင်ကာ ကရင်နီပြည် အတွင်းတွင် ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းလာသည့် အပေါ် KNPP က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့ သက်ဆိုင်ရာ လွတ်မြောက်နယ်မြေများတွင် အစိုးရများ ဖွဲ့စည်းထားပြီး ပြည်နယ်များကို ကိုယ်ပိုင် ပြဌာန်းခွင့်ရ ပြည်နယ်များအဖြစ် သတ်မှတ်ရန် တောင်းဆိုတိုက်ပွဲ ဝင်နေကြခြင်းဖြစ်သည်။ CRPH ၏ အုပ်ချုပ်ရေး အဖွဲ့ဖွဲ့စည်းခြင်းသည် တိုင်းရင်းသား နယ်မြေအတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ က နောက်ထပ် အစိုးရ ဖွဲ့စည်းသည့် သဘော ဖြစ်သွားခြင်းဖြစ်သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ ပြည်နယ်မှာ ရှိ ပြီးသား ကျနော်တို့ ပြည်နယ် ကိုယ်စား ပြုတဲ့ အဖွဲ့အ စည်းပေါ့နော။ ဒီအဖွဲ့အစည်းနဲ့ သော်လည်ကောင်း နောက်တည်ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လည်းကောင်း တစ်စုံတစ်ရာ ကြေလည် အောင် ညှိနှိုင်း ဆောင်ရွက်မှုမရှိပဲ ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတွေကိုကတော့ ကျနော်တို့ လက်ခံသွားမှာ မဟုတ် ဘူးလေနော်။ လက်ခံသွားမှာ မဟုတ်ဘူးဆို ကတည်းကတော့ ကျနော်တို့ကတော့ သူတို့ ဘာတွေပဲ လုပ်လုပ် ပေါ့။ ကျနော်တို့ကတော့ ဘာမှ လိုက်နာဆောင်ရွက်ဖို့လည်း မရှိဘူးပေါ့” ဟု ပြောသည်။
CRPH က ဖွဲ့စည်းမည့် ကြားကာလ အုပ်ချုပ်ရေး အဖွဲ့သည် အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီ NUCC က ရေးဆွဲထားသည့် ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်း အစိတ်အပိုင်းပါ အချက်များကို အခြေမခံပဲ လုပ်ဆောင်လာသည့်အတွက် လက်မခံ ရခြင်းဖြစ်သည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
၎င်းက “ကျနော်တို့ CRPH ဖြစ်ဖြစ် NUG ဖြစ်ဖြစ် ကျနော်တို့ KNPP ဖြစ်ဖြစ် ကျနော်တို့ အားလုံးဟာ ဒီဖက် ဒရယ် ပဋိညာဉ်နဲ့ အညီပေါ့နောမှာ ရေးဆွဲနေကြတယ်။ နောက်အကောင်အထည် ဖော်နေကြတဲ့ အဖွဲ့ဝင် အဖွဲ့ အစည်းတွေ ဖြစ်တယ်လေ။ ဆိုတော့ ကျနော်တို့ ရေးဆွဲပြီးမှ အတည်ပြု ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိ ညာဉ် အစိတ်အပိုင်းမှာပါ ရှိတယ်ပေါ့နော။ ကျနော်တို့ အချက်အလက်တွေကို အကောင်အထည်ဖော်တဲ့ နေရာ မှာ ကျနော်တို့ အားလုံးက အဲဒီအတိုင်း လိုက်နာ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ဆိုတော့ အခုကတော့ အဲဒီ ပဋိညာဉ် အစိတ်အပိုင်းပါ အချက်အလက်တွေနဲ့ အကောင်အထည်ဖော်မှုတွေက နည်းနည်းလေး လွဲချော်နေတာကို တွေ့ရတယ်ပေါ့နော” ဟု ပြောသည်။
CRPH ၏ လုပ်ဆောင်ချက်သည် တိုင်းရင်းသား အစုအဖွဲ့များ ပါဝင်ရေးဆွဲထားသည့် NUCC ၏ ဖက်ဒရယ် ဒီမိုက ရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ အခန်း ၈ ပါ ပုဒ်မ ၅၂ နှင့် ၅၃ အရ ကြားကာလ ဖက်ဒရယ် ယူနစ်များ၏ အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍတွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်သည်ဟု KNPP က ဆိုသည်။
NUCC က ရေးဆွဲထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ အခန်း ၈ ပါ ပုဒ်မ ၅၂ မှာ ဤပဋိ ညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှု အခြေခံဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင် ပြဌာန်းခွင့်အရ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို လို အပ်သလို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ပုဒ်မ ၅၃ မှာ ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ် များ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ အရေးကိစ္စများကို အမျိုးသား ညီညွတ်ရေး အတိုင် ပင်ခံ ကောင်စီတွင် ညှိနှိုင်းဆောင်ရွက် ရမည် ဆိုသည်။
ထို့အတူ ဧပြီလ ၂၆ ရက်နေ့က ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်သည့် ကရင်နီပြည် အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက CRPH ၏ လုပ်ဆောင်ချက်သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ ပါ အချက်အလက်တွေနဲ့ ကိုက်ညီမှု မရှိကြောင်း ကန့်ကွက်ထားသည့် ထုတ်ပြန်ချက်ကို ဝန်ကြီးခူးညေးရယ် လက် မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင်လည်း မိမိတို့ ကရင်နီ ပြည်နယ်အတွင်း ယခင်ကတည်းက ဖွဲ့စည်းတည်ဆောက်ထား သည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ နှင့် သော်လည်းကောင်း တစ်စုံတစ်ရာ ကြေလည်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ခြင်း မပြုပဲ ဖွဲ့စည်းတည်ဆောက် ထားသည့် မည်သည့် အုပ်ချုပ်ရေး အဖွဲ့ကိုမဆို လက်ခံသွားမည် မဟုတ်ကြောင်းနှင့် အမြန်ဆုံး ပြန်လည် ရုတ် သိမ်းသွားရန် အသိပေး ထုတ်ပြန်ထားသည်။
ထိုသို့ အသိပေး ထုတ်ပြန်ပြောဆိုထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် CRPH ဖက်မှ တစ်စုံ တစ်ရာ ပြန်လည် တုန့်ပြန်ပြောဆိုထားခြင်း မရှိသေးဟု သိရသည်။
သို့သော် KNPP အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဟန့်တား နှောက်ယှက် နေသည့် စစ်အာဏာရှင် နှင့် အာဏာရှင်ရှိသမျှကို ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်သွား မည်ဖြစ်ပြီး ဘုံသဘော ထား တူညီသည့် မည်သည့် အဖွဲ့အစည်းများနှင့် မဆို ပူးတွဲ လုပ်ဆောင်သွား မည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစုအဖွဲ့များသည် စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင် မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး ရည်မှန်ချက်များဖြင့် အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီ NUCC ကို မတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ထိုသို့ ဖွဲ့စည်းပြီးနောက် NUCC သည် ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်း အပိုင်း ၁ နှင့် ၂ ကို ပြုစု ရေးသားကာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုး သား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းပေးခဲ့သည်။
သို့သော် ပြည်စုံမှု မရှိခဲ့သည့် ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်း အပိုင်း ၁ နှင့် ၂ ကို ပြီးခဲ့သည် ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံတွင် ပြင်ဆင် ဖြည့်စွတ်ချက်များဖြင့် ပြန်လည် အတည်ပြုခဲ့သည်ဟု သိရသည်။
ထိုသို့ အတည်ပြုပြဌာန်းထားသည့် ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်း အပိုင်း ၁ နှင့် ၂ ကို အခြေ မခံသည့် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် NUCC ၏ သဘောထား ရပ်တည်ချက်နှင့် သွေဖယ်နေသည့် အတွက် CRPH က လုပ်ဆောင်လာသည့် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို လက်မခံခြင်း ဖြစ်သည်ဟု ဦးအောင် ဆန်းမြင့်က ပြောသည်။
ဓါတ်ပုံ – KnIC