လုံခြုံရေး အာမခံချက်မရှိသော်လည်း ပူတာအို စစ်ရှောင်များ နေရပ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

လုံခြုံရေးစိန်ခေါ်မှု ရှိနေသည့်ကြားမှ စိုက်ပျိုးလုပ်ကိုင်စားသောက်သည့် ရာသီရောက်ရှိလာသည့်အတွက် ပူတာအို စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ်သို့ ပြန်ကြပြီဟု စစ်ရှောင်များက ပြောသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ စစ်ဘေးရှောင်နေကြသည့် ပူတာအိုက စစ်ရှောင်ပြည်သူ ၂၀၀ ကျော် နေရပ်ပြန်ကြခြင်းသည်။

စစ်ရှောင်ပြည်သူ တစ်ဦးက “ကားကတော့ ၇ စီး ဟုတ်တယ်။ အခုက လုံရှာယန်ကျေးရွာကတွေ များတယ်။ ဆွမ်ပီယန်နဲ့ လုံရှာယန်ဘဲ ပါတယ်။ ဒီမနက် ၁၁ နာရီ ၁၀ လား၊ ၁၂ မိနစ်လား လောက်မှာ ဒီပူတာအိုကို တက် လာခဲ့တာ ဟုတ်တယ်” ဟု ဧပြီလ ၂၇ ရက်နေ့က သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနကို ပြောသည်။

ယခု နေရပ်သို့ ပြန်ကြသည့် စစ်ဘေးရှောင်များမှာ ပူတာအိုမြို့နယ် လုံရှာယန်နှင့် ဆွမ်ပီယန် ကျေးရွာက ရွာသား များ ဖြစ်ကြသည်။

၎င်းတို့သည် ဖေဖော်ဝါရီလမှ ယခုလ အထိ ၃ လ နီးပါးခန့် မြစ်ကြီးနားမြို့သို့ စစ်ဘေးရှောင်နေခဲ့ကြပြီးနောက် မိုးရာသီလယ်ယာစိုက်ပျိုးလုပ်ကိုင် ချိန်နှင့် နီးကပ်လာသည့်အတွက် လုံခြုံရေးပိုင်း စိတ် ချရသည့် အခြေအနေသို့ မရောက်ရှိသေးသော်လည်း နေရပ်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု စစ်ရှောင် များက ပြောသည်။

ထို့အပြင် မိမိတို့ ဒေသတွင်သာ မိသားစုဝင်များ၊ ရပ်ရွာပြည်သူများနှင့် အတူတကွ နေထိုင်လိုသည့် အတွက် နေ ရပ်ပြန်ရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

“ကျနော်တို့က အရင်တုန်းက ကိုယ်မွေးလာတဲ့ ကိုယ့်ရဲ့ ဇာတိဆိုတော့လည်း အခု အမှတ်တမဲ့ အဲလိုထားခဲ့တာက စိတ်လည်းမကောင်းဘူး။ အဆင်လည်း မပြေဘူး။ စားဝတ်နေရေးအတွက် လယ်ယာတွေ၊ စိုက်ခင်းတွေ အကုန် လုပ်ရမယ်ဆိုတော့၊ မိုးရာသီကျတော့ အဲလိုမျိုးအလုပ်တွေ အကုန်လုပ်ရမယ်ဆိုတော့ ပြန်တော့ပြန်ရမှာ ဟုတ် တယ်။”

သို့သော်လည်း ထိုနေရပ်ပြန်ပြည်သူများ၏ အသက်အိုးအိမ်နှင့် လုံခြုံရေး အခြေအနေအတွက် မည်သည့် အဖွဲ့ အစည်းကမှ တစ်စုံတစ်ရာ အာမခံမှုပေးထားခြင်း မရှိ ဟု စစ်ရှောင်များက ပြောသည်။

လုံရှာယန်က စစ်ဘေးရှောင်အမျိုးသား တစ်ဦးက “အဲဒါနဲ့ ပတ်သက်ပြီးတော့ အဓိက ဒီလိုမျိုးပေါ့နော်။ အရမ်း ကြီး အာမခံပေးတာမျိုးတော့ မရှိပါဘူး။ ဘာမှမဖြစ်ဘူး။ စိတ်ချလက်ချ နေလို့ရတယ် ဆိုတာမျိုးက ဘယ်သူမှ ကတိကဝတ်တော့ မပေးထားဘူး။ ကျနော်တို့ကို လုံခြုံသွားပြီ။ တဘဝစာ လုံခြုံသွားပြီလို့ အဲလိုမျိုး ပြောတဲ့သူ က တစ်ယောက်မှ မရှိပါဘူး” ဟု ပြောသည်။

ထိုသို့ လုံခြုံရေး အာမခံချက်မရှိသေးသည့် အနေအထားကြောင့် နေရပ်မပြန်ဘဲ မြစ်ကြီးနားတွင် ဆက်နေခဲ့သည့် စစ်ရှောင်ပြည်သူများလည်း ကျန်ရှိနေသေးသည်ဟု သိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း လုံရှာယန်၊ ဆွမ်ပီယန်၊ အင်စီယန်၊ ဖတ်မာ ကျေးရွာများ အနီး တဝိုက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ် တိုက် ပွဲတို့အကြားက တိုက်ပွဲများကြောင့် ထိုကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အဆိုပါကျေးရွာများက ပြည်သူများသည် ကျေးရွာနီးစပ်ရှိ တောတောင်များထဲ အပြင် မြစ်ကြီးနားမြို့ဘက်အထိ စစ်ရှောင်ခဲ့ကြရသည်။

ထိုသို့ စစ်ရှောင်ခဲ့ကြရသူများအနက် မတ်လကုန်ပိုင်းတွင် ကျေးရွာနီးစပ်က တောတောင်များထဲ စစ်ရှောင်နေကြ ရသူ အများစုက သာသာရေးအဖွဲ့အစည်း၊ ကချင်အရပ်ဘက်အဖွဲ့အစည်းနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ PCG တို့၏ အကူအညီဖြင့် နေရပ်ပြန်ခဲ့ကြသည်။

ဓါတ်ပုံ – CJ