ဒုတိသုတ် အဝေးသင် စာမေးပွဲရက်ကို ရက်ပိုင်းအတွင်း နှစ်ကြိမ်ရွေ့သဖြင့် ကျောင်းသားများအခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဒုတိယအသုတ် အဝေးသင်စာမေးပွဲ ကျင်းပမည့်ရက်အား မကြာခဏရွှေ့ဆိုင်း နေသည့်အတွက် နယ်ကျောင်းသူ/သားများ အဆင်မပြေဖြစ်နေရသည်ဟု ကျောင်းသူ/သားများနှင့် မိဘများက ပြောသည်။
စစ်ကောင်စီ အစိုးရလက်ထက် ပညာရေးစနစ်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယအသုတ် (ဝိဇ္ဇာတွဲ) အဝေး သင်စာမေးပွဲ ကျင်းပမည့်ရက်များကို မကြာခဏရက်ရွှေ့နေသည့်အတွက်ကြောင့် တောင်ကြီးတက္ကသိုလ်တွင် ကျောင်းတက်နေကြသည့် နယ်ကျောင်းသား/သူများ အဆင်မပြေဖြစ်ကာ အိမ်မှ အဆောင်သို့ သွားလိုက် ပြန် လိုက်လုပ်နေရသည်ဟု သိရသည်။
“ဒီစာမေးပွဲရက်လေးတောင် အဆင်ပြေအောင် မစီစဉ်နိုင်ပဲနဲ့ နိုင်ငံတစ်ခုလုံး အုပ်ချုပ်ဖို့ ဘယ်လိုများတွေးတာလဲ မသိဘူး။ ကျနော်လည်း အစက ဖြေဖို့စိတ်ကူး မရှိပါဘူး။ Final ရောက်နေပြီဆိုတော့လည်း တက်ဖြစ်သွား တာ ပါ” ဟု အဝေးသင် ကျောင်းသားတစ်ဦးက ပြောသည်။
ဒုတိယအသုတ် စာမေးပွဲများကို ယခင်နှစ်များက အောက်တိုဘာလ ဒုတိယအပတ်တွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ မေလ ၃၀ ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး နယ်မှ ကျောင်းသားများ တောင်ကြီး အဆောင်သို့ ရောက်လာသည့်အခါမှ အောက်တိုဘာလသို့ စာမေးပွဲရက်ကို ရွှေ့ဆိုင်းလိုက်သည်ဟု ကျောင်းသား များက ဆိုသည်။
ထိုသို့ စာမေးပွဲရက်ကို ရွှေ့ဆိုင်းလိုက်သည့်အတွက် နယ်ကျောင်းသားများ အိမ်အသီးသီးသို့ ပြန်သွားကြရာ နေ အိမ်သို့ ရောက်သည့်အခါ စာမေးပွဲရက်ကို တဖန် မေလ ၃၀ ရက်နေ့ သို့ ပြောင်းရွှေ့ သတ်မှတ်လိုက်ခြင်း ဖြစ် သည်ဟု သိရသည်။
အဆိုပါ ဒုတိယအသုတ် အဝေးသင် စာမေးပွဲများကို မကြာခဏ ရက်ရွှေ့ဆိုင်းခြင်းကြောင့် အိမ်မှ အဆောင်သို့ အသွားအပြန် နှစ်ကြိမ်ရှိပြီဖြစ်ကြောင်းနှင့် တစ်လမပြည့်ပဲ အဆောင်ခလည်း နှစ်ခါပေးရသည်ဟု ကျောင်းသူ/ သားများက ပြောသည်။
ထိုကဲသို့ စာမေးပွဲ ရက်ကို မကြာခဏ ရွှေ့ဆိုင်းရသည့် အကြောင်းရင်းမှာလည်း ယခု ၂၀၂၂ ပညာသစ်နှစ်အတွက် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် Day အတန်းများ ဖွင့်ရန် အဆင့်မြင့်ပညာ ဦးစီးဌာနမှ အချိန်ညှိနေရသည့် အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ကျောင်းသား မိဘအချို့က ဆိုသည်။
“သူတို့ စီစဉ်တာက ဒီလိုပေါ့နော်။ အဝေးသင်ကိုလည်း ဖွင့်ချင်တယ်။ Day ကိုလည်း အလွတ်မခံချင်တာပေါ့ လေ။ ဒီကြားထဲ စီမံခန့်ခွဲမှုက မနိုင်တော့ ကမောက်ကမ ဖြစ်တာပေါ့။ ကျမ ကလေးတွေကတော့ ကျမ တက် ခိုင်းတာတောင် တက်မယ်ဆိုတဲ့အထဲ မပါဘူး” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ပထမဆုံး လူနာ ၂ ဦး တွေ့ရှိခဲ့သည်ကို အကြောင်းပြု၍ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့မှစပြီး တက္ကသိုလ်ပေါင်းစုံအား နှစ်နှစ်ကျာ် ပိတ်ခဲ့ရပြီး လက်ရှိ စစ်ကောင်စီ လက်အောက်မှ အဆင့်မြင့် ပညာ ဦးစီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်တွင် နိုဝင်ဘာလ ၁ ရက် မှ ၉ ရက်အထိ အဝေးသင်ကျောင်း သားများအား ကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းတက် မည့်သူများ မရှိ၍ ဒီဇင်ဘာ ၅ ရက် အထိ တိုးမြင့် သတ်မှတ် ခဲ့ရ သည်။
ထို့ပြင် စစ်ကောင်စီက ကျောင်းသူ/သားများ ကျောင်းမတက်ကြမည်ကို စိုးရိမ်၍ တက္ကသိုလ်ဝင်ခွင့် အကြောင်း ပြန်ကြားလွှာ မေဂျာကဒ်များ မရရှိခဲ့လျှင်လည်း ကျောင်းအပ်ခွင့်ပြုထားကြောင်း တက္ကသိုလ်မှ ဆရာများထံမှ သိရသည်။
ယခုကဲ့သို့ ဒုတိယ အသုတ်များကို အဝေးသင် စာမေးပွဲရက်များကို ရွှေ့ဆိုင်းလိုက်သော်လည်း တတိယအသုတ် ကိုမူ အဆင့်ပညာ ဦးစီးဌာနမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။