CRPH အုပ်ချုပ်ရေး အဖွဲ့ဖွဲ့စည်းမှု ကရင်နီ လက်မခံ (KNPP အတွင်းရေးမှူး ၂ နှင့် အင်တာဗျူး)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမတ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော် မတီ CRPH က ကရင်နီပြည်နယ်မှာ ကြားကာလ အုပ်ချုပ်ရေး အဖွဲ့များဖွဲ့စည်းရန် လွန်ခဲ့သည့် ဧပြီလ ဒုတိယ အပတ်အ တွင်းက စတင်ကာ လုပ်ဆောင်လာခဲ့သည်။
ယခုကဲ့သို့ CRPH က ကရင်နီပြည်နယ်မှာ ကြားကာလ အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းဖို့ လုပ်ဆောင်လာ ခြင်းသည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးဆွဲထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ် အပိုင်း ၂ ပါ အချက်အလက်များနှင့် ကွဲလွဲမှုများရှိသည်ဟု ဆိုကာ ပြောဆိုမှု ဝေဖန်မှုများလည်း ကျယ်ကျယ် လောင် လောင် ပေါ်ထွက်လာခဲ့သည်။
ထို့အတူ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်သည့် ကရင်နီပြည် အစိုးရ ပြည်ထဲရေး ဝန်ကြီး ဌာနက CRPH ၏ လုပ်ဆောင်ချက်သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ ပါ အချက်အလက်တွေ နဲ့ ကိုက်ညီမှု မရှိသည့်အတွက် ကန့်ကွက်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ဝန်ကြီး ခူးညေးရယ် လက်မှတ်ဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။
CRPH က ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ဖို့ လုပ်ဆောင်ခြင်းကို ကရင်နီပြည် အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ဘာကြောင့် ကန့်ကွက်ရတာလဲ၊ CRPH ရဲ့ လုပ်ဆောင်မှုက NUCC က ရေးဆွဲထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိ ညာဉ် အစိတ်အပိုင်း ၂ ထဲက ဘယ်အချက်တွေနဲ့ သွေဖယ်နေတာလဲ၊ ဒီလို လုပ်ဆောင်ချက်တွေက ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ဘယ်လို အဟန့် အတားတွေရှိလာစေနိုင်သလဲ စတဲ့ အကြောင်းအ ရာတွေကို KNPP အတွင်းရေးမှူး ၂ ဦးအောင် ဆန်းမြင့်ကို သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က ဆက်သွယ် မေးမြန်းထားသည်။ ဦးအောင်ဆန်းမြင့်က CRPH ၏ လုပ်ဆောင်မှုသည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ဆန့်ကျင်နေသည်ဟု စတင်ဖြေကြားခဲ့သည်။
ဦးအောင်ဆန်းမြင့် – ကျနော်တို့ CRPH ဖြစ်ဖြစ် NUG ဖြစ်ဖြစ် ကျနော်တို့ KNPP ဖြစ်ဖြစ် ကျနော်တို့ အားလုံးဟာ ဒီဖက် ဒရယ် ပဋိညာဉ်နဲ့ အညီပေါ့နောမှာ ရေးဆွဲနေကြတယ်။ နောက်အကောင်အထည် ဖော်နေကြတဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ ဖြစ်တယ်လေ။ ဆိုတော့ ကျနော်တို့ ရေးဆွဲပြီးမှ အတည်ပြု ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိ ညာဉ် အစိတ်အပိုင်းပါမှာ ရှိတယ်ပေါ့နော။ ကျနော်တို့ အချက်အ လက် တွေကို အ ကောင်အထည်ဖော်တဲ့ နေရာ မှာ ကျနော်တို့ အားလုံးက အဲဒီအတိုင်း လိုက်နာ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ဆိုတော့ အခုကတော့ အဲဒီ ပဋိညာဉ် အစိတ်အပိုင်းပါ အချက်အလက်တွေနဲ့ အကောင်အထည်ဖော်မှုတွေက နည်း နည်းလေး လွဲချော်နေတာကို တွေ့ရတယ်ပေါ့နော်။ အဲဒါလေးပါပဲ အဲဒါအတွက်ပါပဲ။
မေး – အခု CRPH က ဖွဲ့ဖို့ လုပ်နေတဲ့ ကြားကာလ အုပ်ချုပ်ရေး အဖွဲ့နဲ့ NUCC က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ ကြားကာလ ဖွဲ့စည်းပုံ အစီအမံပါ အချက်အလက်တွေ အရဆိုရင် ဘယ်လို အချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတာလဲ။
ဦးအောင်ဆန်းမြင့် – ဒီပဋိညာဉ်ပါ ဒီ အစိတ်အပိုင်း ၂ မှာပေါ့ ကျနော်တို့ ဒီဟာ ပုဒ်မ ၅၂ နဲ့ ၅၃ မှာဆိုလို့ရှိရင် ကျနော်တို့ ကြားကာလ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေးကဏ္ဍတွေကို သက်ဆိုင်ရာ ပြည်နယ်တွေကပဲ သူတို့ လိုအပ်သလို ဖွဲ့စည်းတည်ဆောက်သွားမယ်ဆိုတဲ့ အချက်အလက်က ပါတယ်လေနော်။ ဆိုလိုတာကတော့ ကျနော်တို့ ပြည်နယ်မှာ အုပ်ချုပ်ရေး ယန္တရားတွေ လိုအပ်လာမယ်။ ဥပဒေပြုရေးတွေ လိုအပ် လာမယ် ဆိုလို့ရှိရင် ကျနော်တို့ ပြည်နယ်ကနေပဲ လိုအပ်သလို ဖွဲ့စည်းတည်ဆောက်သွားဖို့ လိုတယ်လေ။ ဆို တော့ ဟိုးပြည်ထောင်စု အစိုးရကသော်လည်းကောင်း နောက်ပြီးမှ ဥပဒေပြုရေး မဏ္ဏိုင်ကသော်လည်းကောင်း လာပြီးတော့မှ ကျနော်တို့ ဖွဲ့စည်း တည်ထောင်တယ်ဆိုတာက ဒီ ပဋိပညာဉ်ပါ ပြဌာန်းချက်တွေနဲ့ နည်းနည်း ကွဲ လွဲမှု ရှိတာပေါ့။ အဲဒါ လေးပါပဲ။
မေး – CRPH အနေနဲ့ ကန့်ကွက်စာအပေါ်မှာ တစ်စုံတစ်ရာ ဘာမှလုပ်ဆောင်မှု မရှိဘူးဆိုရင် ဘယ်လို ဆက်လုပ် သွားဖို့ရှိသလဲ။
ဦးအောင်ဆန်းမြင့် – ကျနော်တို့ အတည့်အလင်းရေးထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဲဒီပဋိညာဉ်ပါ အတိုင်း မဟုတ်ဘူး။ နောက်ပြီးမှ ကျနော်တို့ ပြည်နယ်မှာ ရှိပြီးသား ကျနော်တို့ ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့ အစည်း ပေါ့နော။ ဒီအဖွဲ့အစည်းနဲ့ သော်လည်ကောင်း နောက်တည်ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ လည်းကောင်း တစ်စုံတစ်ရာ ကြေလည်အောင်ညှိနှိုင်း ဆောင်ရွက်မှု မရှိပဲ ဖြစ်ပေါ်လာတဲ့ အဖွဲ့အ စည်းတွေ ကိုကတော့ ကျနော်တို့ ကျနော်တို့ လက်ခံသွားမှာ မဟုတ်ဘူးလေနော်။ လက်ခံသွားမှာ မဟုတ်ဘူးဆို ကတည်း ကတော့ ကျနော်တို့ကတော့ သူတို့ ဘာတွေပဲ လုပ်လုပ်ပေါ့။ ကျနော်တို့ကတော့ ဘာမှ လိုက်နာဆောင် ရွက်ဖို့လည်း မရှိဘူးပေါ့။ ဒါပါပဲ။
မေး – CRPH ဖက်က အခုကန့်ကွက်စာအပေါ်မှာရော တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုလာတာတွေရှိ သလား။
ဦးအောင်ဆန်းမြင့် – ဒါကတော့ ဒီနေ့အထိတော့ မရှိပါဘူးပေါ့။
မေး – NUCC က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်းလည်း ထုတ်ပြန်ထားတယ်ပေါ့နော။ ဒါပေမယ့် CRPH ဖက်ကနေ အခုလို ဒေသခံအဖွဲ့အစည်းတွေနဲ့ တိုင်ပင်မှု မရှိပဲ အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့လာတယ်။ အဲ့ဒီအ ပေါ်မှာ CRPH ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအပေါ် ရပ်တည်မှုကို ဘယ်လိုမြင်သလဲ။
ဦးအောင်ဆန်းမြင့် – အဲဒါကျတော့ ကျနော်တို့ တခြား အဖွဲ့အစည်တွေအပေါ်မှာ မသုံးသပ်ချင်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ဟာက ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်ရှိပါတယ်။ ကျနော်တို့ကတော့ အမျိုးသား တန်းတူရေး တရား မျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းရေး အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ကျနော်တို့ တည် ဆောက်သွားမယ် အဲတော့ ဒီနေ့ တော်လှန်ရေး ကာလမှာ ကျနော်တို့ အဲသလို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စု တည်ဆောက်ဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ ဒီအကြမ်းဖက် စစ်တပ် ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်။ အဲသလို ဆောင်ရွက်တဲ့ အခါမှာ ကျနော် တို့ နိုင်ငံရေး ရည်မှန်းချက်တူတယ်။ ကျနော်တို့ရဲ့ ဘုံသဘောထား တူညီ တဲ့ အဖွဲ့အစည်း မှန်သမျှနဲ့ ကျနော်တို့ ပူးတွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့နော။
မေး – ဆိုတော့ ဒီလိုအနေအထားတွေက အခုသွားနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရေးနဲ့ အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးမှာ တစ်စုံတစ်ရာ အဟန့်အတားဖြစ် လာနိုင်သလား။
ဦးအောင်ဆန်းမြင့် – အဲဒါကတော့ ကျနော်တို့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အခါမှာပဲ အခုလို မျိုးပေါ့နော် ပဋိညာဉ်တွေရှိတယ်။ ပဋိညာဉ်ကို အခြေခံပြီးတော့ ကျနော်တို့ သွားနေကြတယ်။ အဲတော့ ပဋိညာဉ် အပေါ်မှာ ဆန့်ကျင်ပြီးတော့ သွားတဲ့ လုပ်ရပ်မှန်သမျှကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ညှိနှိုင်းတာတွေ တော့ ကျနော်တို့ လုပ်ရမှာပါ။ ဆိုတော့ အဲသလိုပဲလို့ ကျနော်တို့ မျှော်လင့်ပါတယ်ပေါ့နော်။