သွေးသောက်အဖွဲ့ဝင် ပျူစောထီးဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် သွေးသောက်အဖွဲ့ဝင်နှင့် ပျူစောထီး ဆိုသူ တစ်ဦး မေလ ၂၁ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က ပစ်သတ်ခံရသည်။

ပစ်သတ်ခံရသူ သန့်ဇင်ဦး ဆိုသူသည် ရေကြည်မြို့နယ်၊ လက်ပံပင်အုပ်စု၊ လက်ပံပင်ကျေးရွာတွင် ယခင်က တည်းက ပျူစောထီးအဖွဲ့ဝင်၊ စစ်ကောင်စီသတင်းပေး ဟု နာမည်ကြီးနေသူ တစ်ဦးဖြစ်ပြီး ယခု သွေးသောက် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူ့အိမ်ထဲက သေနတ်သံ ၃ ချက်ကြားတယ်။ မကြာဘူး စစ်သားနဲ့ရဲတွေ ရောက်လာပြီး ဆေးရုံကိုပို့တာ တွေ့ တယ်။ အိမ်ထဲကပဲ မီးမှိတ်ပြီး ချောင်းကြည့်နေတာ” ဟု လက်ပံပင်ကျေးရွာသား တစ်ဦးက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသူ သန့်ဇင်ဦး သည် ဆေးရုံအရောက်တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ကျေးရွာ အုပ် ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

သန့်ဇင်းဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက လက်ပံပင်ကျေးရွာအတွင်းရှိ လမ်းများကို ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ထို့ကြောင့် ရွာသားများက ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် အိမ်ထဲမှ အိမ် အပြင်သို့ပင် မထွက်ရဲကြဘူးဟု ဒေသခံများက ဆိုသည်။

သန့်ဇင်ဦး ဆိုသူသည် စစ်ကောင်စီ၏ သတင်းပေးတစ်ဦး ဖြစ်သည့်အပြင် ပျူစောထီးနှင့် သွေးသောက်အဖွဲ့က အဖွဲ့ဝင်တစ်ဦး ဖြစ်၍ အိမ်ထဲအထိ ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဧရာဝတီတိုင်း ရိုးမ တိုက်ဂါး (PDF) အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုကို ဆောင်ရွက်ခဲ့ကြသည့် ရဲဘော်များလည်း ဘေးကင်းလုံခြုံသည့် နေရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းများ ခံရနိုင်သဖြင့် သတိဝီရိယထား သွား လာ နေထိုင်ကြရန် ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း ရိုးမတိုက်ဂါး (PDF) အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ကလည်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် နေချိန်တွင် ၎င်းတို့ကို သတင်းပေးနေသူ ဒလန် ထွန်းထွန်းဝင်း၏ ကွမ်းယာဆိုင်အနီးတွင် ဗုံးဖောက်ခွဲခဲ့သည်ဟု သိရသည်။