စစ်ရှောင်များအတွက် အကူအညီများ ပေးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာများတွင် ဖြစ်ပွားနေသော စစ်ကောင်စီတပ်နှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ၏ လိုအပ်မှု များကို ဝိုင်းဝန်းကူညီပေးကြပါရန် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တောင်းဆိုလိုက်သည်။

ကရင်လူ့အခွင့်အရေး ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက “သူတို့ရဲ့ လုံခြုံမှု အတွက်သော်လည်းကောင်း အကာအ ကွယ် ရရှိဖို့အတွက်သော်လည်းကောင်း ဒါကျနော်တို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အစုအဖွဲ့အသီးသီးကို ဒါ ဝိုင်းဝန်း ပြီးတော့မှ လုပ်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုလို တယ်ပေါ့” ဟုပြောသည်။

လက်ရှိတွင် KNU တပ်မဟာ ၁ ( သထုံခရိုင်)၊ တပ်မဟာ ၂ (တောင်ငူခရိုင်) ၊ တပ်မဟာ ၃ ( ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၄ ( မြိတ်-ထားဝယ်ခရိုင်)၊ တပ်မဟာ ၅ ( မူတြော် (ဖာပွန်ခရိုင် ) နှင့် တပ်မဟာ ၆ (ဒူးပလာယာခရိုင်) တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ နီးစပ်ရာ ဒေသများနှင့် တောတောင်ထဲတွင် ထွက် ပြေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု စောနန္ဒဆူး က ဆက်ပြောသည်။

၎င်းက “အခု လက်တလောမှာ ကျနော်တို့ ကရင်ပြည် နယ်မှာလည်းပဲနော တပ်မဟာ ၆ မှ မဟုတ်ဘူး တခြား တပ်မဟာတွေလည်းပဲ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေ တယ်။ IDP ဦးရေ အရေအတွက်လည်း များလာတယ်။ ဒီလိုမျိုး မိုးတွင်းကာလမှာ အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့ နေရပြီးတော့မှ လူသားချင်းစာနာထောက်ထားမှု အကူ အညီတွေလည်း လိုအပ်နေတာပေါ့နော။ အဲဒါကြောင့်မို့ လို့ ဒါ သက်ဆိုင်ရာ အစုအဖွဲ့ကနေပြီးတော့မှ အကူ အညီ လိုအပ်နေတဲ့ ပြည်သူတွေဆီကို အကူအညီတွေ ရောက်အောင်တော့ ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ပိုပြီးမှ လုပ်ဆောင်ကြဖို့ လိုအပ်တယ်ပေါ့” ဟု ပြောသည်။

လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့် KNU တပ်မဟာ ၆ တွင်သာမက KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ဖက်တွင်လည်း လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရ သည့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှုများ ရှိသည်ဟု KHRG က ဆိုသည်။

“အခုအချိန်အထိ ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲပေါ့နော။ ဘာလို့လဲဆိုလို့ရှိရင် စစ်ရေးလှုပ် ရှားမှုတွေ ဆက်ပြီးတော့ ဖြစ်နေတုန်းပဲ။ ပြီးလို့ရှိရင်လည်း လက်ရှိ အခြေအနေမှာတော့ ဒါ IDP တွေက လူသား ချင်း စာနာထောက်ထားမှု အကူအညီ အထူးသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာပေါ့” ဟု စောနန္ဒ ဆူး က ဆက်ပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင်များအတွက် အခြေခံ လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သည့် အစား အသောက်နှင့် နေရာထိုင်ခင်းများ ရရှိရန် လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များလည်း ပါဝင်ပြီး နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောင်မှုများလည်း များ စွာ လိုအပ်နေသည်ဟု သိရသည်။

KNU တပ်မဟာ ၃ ညောင်လေး ပင်ခရိုင်အတွင်းက စစ်ဘေးရှောင်များ၏ အခြေအနေနှင့် ပတ်သက်၍ ညောင် လေးပင်ခရိုင် ကရင်လူ မှု့ရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ဘာတွေလိုအပ်သလဲဆိုတော့ အခုနက စားနပ် ရိ က္ခာရယ်။ ဆေးဝါးရယ် ကျ နော် သိရသလောက်ဆို ပိုပြီးတော့ အဓိကကျတာ အဲဒီ စားနပ်ရိက္ခာတို့ ဆေးဝါးတို့ အမိုးအကာ နေထိုင်ရေးအတွက် အမိုးအကာ။ ဘာဖြစ်လဲ ဆို တော့ စစ်ရှောင်တဲ့ အနေအထားက ပိုပြီးတော့ တိုး လာဖို့ပဲရှိတယ်။ ဒီအနေ အထား ဒီပုံစံအရ သွားမယ်ဆိုရင် ပိုပြီးတော့ နေ့စဉ်နဲ့အမျှ တိုးတိုး လာတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စစ်ဘေးလွတ်ရာ တောတောင်များထဲတွင် နေရာထိုင်နေကြရပြီး မိုးတွင်းကာ လ ဖြစ်သည့်အတွက် နေရာထိုင်ခင်း မလုံမခြုံမှုများနှင့် နာမကျန်းဖြစ်မှုများကိုလည်း ကြုံတွေ့နေကြရသည်ဟု အဆိုပါ ညောင်လေးပင်ခရိုင် ကရင်လူမှု့ရေးရာအဖွဲ့မှ တာဝန်ရှိသူက ဆက် ပြောသည်။

“ဒီအချိန်မှာလည်း ကလေးတွေလည်း တအားဖျားကြတယ်။ သက်ကြီး ရွယ်အိုတွေပါတယ်။ ကလေးမိခင်တွေ မွေးကင်းစ အဲ့လို ပြီးတော့ ကိုယ်ဝန်ဆောင်တွေ မသန်စွမ်းတွေ ဆိုတော့ အဲမှာ သူတို့ နေထိုင်တဲ့ အခုလက်ရှိ မိုး တွင်း ကာလလည်း ခြင်တွေ အရမ်းကိုက်တယ်။ ပြီးတော့ နေတာထိုင်တာကလည်း တဲလေးထိုးပြီးတော့ အမိုး အကာ တာလပတ် လေးနဲ့ မိုးကြီးလေကြီး လာတဲ့အခါမှာလည်း တော်တော်လေးတော့ အခက်အခဲရှိတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU တပ်မဟာများတွင် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အရေအတွက်မှာ တစ်သိန်း ခုနှစ်သောင်းအထက်တွင် ရှိနေသည်ဟု သိရ သည်။

သို့သော် လက်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ဦး ရေမှာ ထိုအရေအတွက်ထက် ပိုမိုတိုးလာနိုင်သော်လည်း လူဦးရေ အတိအကျရရှိရန် ခက်ခဲသည်ဟု KHRG က ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ၏ နေထိုင် စားသောက်ရေးကို ကရင် အရပ်ဖက် အဖွဲ့အစည်းများနှင့် အလှူ ရှင် များက ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။

သို့သော် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များ၏ ရေရှည် နေထိုင်စားသောက်ရေးကို ပံ့ပိုးပေးနိုင်အောင် ဝိုင်းဝန်းကူညီပေးကြရန် KHRG က တောင်းဆိုသည်။