ရေး-သံဖြူဇရပ် ကားလမ်းပိုင်း ညပိုင်းအချိန် မဖြတ်သွားရ အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ညပိုင်းအချိန် ဖြတ်သန်းသွားလာမှု မပြုကြရန် မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က အသိပေးထုတ်ပြန်လိုက်ရာ ဒေသခံများက တိုက်ပွဲများ ဖြစ်ပွားလာ မည်ကို စိုးရိမ်နေကြသည်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ည ၉ နာရီခွဲအချိန်မှ နံနက် ၄ နာရီအတွင်း မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားခြင်း လုံးဝ(လုံးဝ) မပြုရန် အသိပေးထုတ်ပြန်ထားသည်။

ရေးဒေသခံတစ်ဦးက “ခနခနတော့ ပေါက်ကွဲမှုတွေ ဘာတွေဖြစ်တာရှိတယ်။ ဒါပေမယ့် PDF တွေဘက်က ပုံ မှန်ဆို စစ်ကောင်စီ လက်အောက်ခံရုံးတွေနားမသွားဖို့တို့၊ ဒလန်တွေနား မနေဖို့တို့ အဲ့လိုမျိုးတွေပဲ ပြောတာလေ နော်။ အခုတော့ ညပိုင်းမသွားဖို့ ပြောတာဆိုတော့ စိုးရိမ်တာတော့ ရှိတာပေါ့နော်။ တိုက်ပွဲပဲ ဖြစ်လာမှာလား ပေါ့။ အရေးပေါ်သွားစရာ လာစရာရှိရင် အဆင်ပြေပါ့မလား အဲ့လိုမျိုး စိုးရိမ်တယ်” ဟု ပြောသည်။

ဒေသအတွင်း မကြာခဏ ပေါက်ကွဲမှုများ၊ စစ်ကောင်စီ ဒလန်ရှင်းလင်းသည့် ကိစ္စများ၊ ရံဖန်ရံခါ စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရမှုများ ရှိခဲ့ရာ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းက လက်ရှိဖြစ်နေသည့် အခြေအနေများ၊ တင်းမာမှုများထက် ပိုမိုဆိုးရွာလာခြင်းမျိုး၊ စစ်ဆင်ရေးလှုပ်ရှားမှုများ ပိုတိုးလာပြီး နေထိုင်သွားလာရေး ခက်ခဲ လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ရေးဒေသခံများက ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ သွားသည့် စစ်ကောင်စီကား ၄ စီးပါ ယာဉ်တန်း အေးကမ္ဘာနှင့် ဘေးလမိုင်းကျေးရွာကြားတွင်တစ်ကြိမ်၊ အောင်သာယာနှင့် ကနင့်ကမော့ကျေးရွာ ကြားတွင် တစ်ကြိမ် တောင်ညိုပြောက်ကျားတပ်ဖွဲ့ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ကား ၁ စီး ပျက်စီးပြီး၊ စစ် ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၎င်းတို့ ထုတ်ပြန်ချက်အပေါ် လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာခဲ့သည်ရှိသော် ဖြစ်ပေါ်လာမည့် ကိစ္စအဝဝအား လုံးဝတာဝန်ယူမည် မဟုတ်ကြောင်းလည်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြော ဆိုထားသည်။

”ညပိုင်းကတော့ လုံခြုံရေးအရ အသွားအလာက နည်းတယ်။ အခု သာမာန်သွားလာဖို့အတွက်က ပြဿနာ မရှိ ဘူး အဆင်ပြေပေမယ့် ညပိုင်း အရေးပေါ် ကျန်းမာရေးအခြေအနေတွေ ဖြစ်လာရင်တော့ အခက်အခဲရှိမယ်” ဟု လည်း မြို့ခံတစ်ဦးက ပြောသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းများ မကြာခဏဆိုသလို တိုက်ခိုက်ခံရလေ့ရှိသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားသွားလာနေသည့် PDF အဖွဲ့တို့နှင့်လည်း ထိတွေ့ပစ်ခတ်မှု ဖြစ် ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဇွန်တုန်းကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF တို့အကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွာခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။