ထိုင်းနယ်စပ် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ရက္ခိုင့်တပ်တော် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိသည်ဟု AA က ဇူလိုင်လ ၄ ရက်(ယနေ့)တွင် သတင်းထုတ်ပြန်ထားသည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် “၂၀၂၂ခုနှစ်၊ဇူလိုင်လ (၄) ရက်နေ့၊နေ့လယ် (၁၂) နာရီ (၂၅) မိနစ် အချိန်တွင်မြန်မာ–ထိုင်းနယ်စပ်အနီး၊ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိရက္ခိုင့်တပ်တော်၊တပ်စခန်းတစ်ခုအားစစ်ကောင်စီတပ်၏ဂျက်တိုက်လေယာဉ် (၂) စီးဖြင့်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်၎င်းစခန်းအနီးပတ်ဝန်းကျင်ရှိမိမိတို့တပ်ဖွဲ့ဝင်အချို့ကျဆုံး၊ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။“ ဟု ဖော်ပြထားသည်။
ထို့အပြင် ထိုစခန်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီးသည် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု AA က ဆိုသည်။