ပျူစောထီး ခေါင်းဆောင် သေနတ်ပစ်ခံရမှု ဆရာဝန်တဦးနှင့် လူငယ်တဦးမှ လွဲ၍ ကျန်လူများပြန်လွတ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့မှာ ပျူစောထီး ခေါင်းဆောင် တစ်ဦး သေနတ်ဖြင့် အပစ်ခံရ မှု နှင့် ပတ် သက်ပြီး အဖမ်းခံခဲ့ရသူ ၃၅ ဦးကျော် အနက် ဆရာဝန်တစ်ဦး အပါအဝင် ၂ ဦး အမှုဖွင့်ခံရပြီး ကျန်သူများကို ပြန်လွှတ်ပေး လိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
ကျိုက်လတ်မြို့က ပျူစောထီးခေါင်းဆောင် ခေါလေးဆိုသူ ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံရထားသူများအနက် အသက် ၆၀ နှစ် အရွယ်ရှိ ဆရာဝန်စောထွန်းနိုင် နှင့် လူငယ် ကိုအောင်မိုး ဆိုသူတို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်ဟု ဒေသအတွင်းရှိ ရှေ့နေအချို့က ပြောသည်။
“ဆရာကြီး (ဆရာဝန် စောထွန်းနိုင်) နဲ့ ကိုအောင်မိုးတို့ ၂ယောက်ကို လွှတ်မပေးဘူး။ အမှုဖွင့် လိုက်တယ်လို့ ရဲ ဘက်က ပြောတယ်။ ကျန်ဖမ်းထားသူတွေ အားလုံးပြန် လွတ်လာကြပြီ” ဟု ပြန်လွတ်လာသူများ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ကျိုက်လတ်မြို့က ပျူစောထီး ခေါင်းဆောင် ခေါလေး ဆိုသူ နိုဝင်ဘာ ၁၀ ရက်နေ့ ညက ပစ်ခတ်ခံရပြီး နောက် စစ်ကောင်စီတပ်ဖွဲ့က ၄ ရက် ဆက်တိုက် ဖမ်းဆီးခဲ့သည့် ဒေသခံ ၃၅ ဦး အနက် အသက် ၆၀ နှစ် အရွယ်ရှိ ဆရာ ဝန်စောထွန်းနိုင် နှင့် လူငယ် ကိုအောင်မိုး ဆိုသူတို့ ပုဒ်မ ၅၀၅-က ဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့ က အမှုဖွင့်ခံလိုက်ရ ခြင်း ဖြစ်သည်။
ထို့အပြင် ပြန်လွှတ်လာသူများကိုလည်း ခံဝန်ဖြင့် လွှတ်ပေးလာကြခြင်းခြင်း ဖြစ်ပြီး ခံဝန်ချက်ထဲတွင် လွှတ် ပေးခြင်းအတွက် ငွေကြေး တစ်စုံတစ်ရာ ပေးရခြင်းမရှိဘူးဆိုသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။
ပျူစောထီး ခေါင်းဆောင်ကို သေနတ်ဖြင့် ပစ်ခတ်မှုနှင့် လုံးဝ မသက်ဆိုင်ကြသော်လည်း ဖမ်းဆီးခံရသူများ အနေဖြင့် ခံဝန် မထိုးပါက ဆက်ဖမ်းဆီးခံထားရမည်ကို စိုးရိမ်သောကြောင့် ခံဝန် လက်မှတ် ရေး ထိုးခဲ့ကြခြင်း ဖြစ်သည်ဟု ပြန်လွတ်လာသူ အချို့က ပြောသည်။
“မပေးပဲနဲ့တော့ ဘယ်လွတ်ပါမလဲ။ အနည်း နဲ့ အများဆိုသလို ကုန်ကြ ပေးကြရတာပဲ၊ သိမ်းကျုံး ဖမ်းတယ် ဆိုကတည်းက ငွေညှစ်ချင်လို့ ငွေလိုချင်လို့ ဖမ်းကြတာ” ဟု အဖမ်းခံရသူအချို့ နှင့် နီးစပ်သူ တစ်ဦး က ပြော သည်။
ပျူစောထီးခေါင်းဆောင် ခေါလေး ဆိုသူ ပစ်ခတ်ခံရခြင်း နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ၁၄ ရက် နေ့ အထိ ဆရာဝန် ၁ ဦး၊ တက္ကသိုလ် ကျောင်းသူ ၂ ဦး အပါအဝင်လူ ၃၅ ဦး ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ အများစုမှာ လူငယ်များ ဖြစ်ကြပြီး လမ်းသွား/လာများနှင့် ဧည့်စာရင်းတိုင် ထား ခြင်း မရှိသူများ၊ ယခင်က ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူများ ပါဝင်သည်ဟု ဒေသခံများက ပြောသည်။
ကျိုက်လတ်မြို့၊ ၂၃ လမ်းက ဆည်းစိမ်ရှင် စားသောက်ဆိုင် အနီးတွင် ပျူစောထီးခေါင်းဆောင် ခေါလေး ဆိုသူ ပစ်ခတ်ခံရပြီး သေနတ် ကျည်ဆံ ၄ ချက်ထိမှန်ခဲ့သော်လည်း ကျည်ကာအင်္ကျီဝတ်ထား၍ မသေပဲ လက်နှင့် ပေါင် တွင် ဒဏ်ရာရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံတက်ဆေးကုသနေရဆဲ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပျူစောထီး ခေါင်းဆောင် ခေါလေး ၏ သတင်းပေးမှုကြောင့် ကျိုက်လတ် ဒေသခံ အများစု ဖမ်းဆီးခံခဲ့ရမှုများ ရှိ ခဲ့ပြီး ကျိုက်လတ်မြို့ နယ် အတွင်းရှိ ရေယာဉ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် ငွေတောင်းသည့် အပြင် ဒေသ ခံများအား ဖမ်းဆီးငွေ ညှစ်မှုများလည်း လုပ်သည့်အတွက် ဧရာဝတီစစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေး တစ်ခုအဖြစ် ဧရာ၀တီ တိုက်ငမန်းအဖွဲ့ က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု နိုဝင်ဘာလ ၁၁ ရက်နေ့ က ဧရာဝတီမြို့ပြ စစ်ဆင်ရေး တာဝန်ခံက သတင်း ထုတ်ပြန်ခဲ့သည်။