တောင်ကလေး ရဲစခန်း တိုက်ခံရပြီး အနီးအနား ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်လည် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီက လေယာဥ်ဖြင့် ပစ်ခတ်တိုက်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင် အချိန်ခန့်တွင် ကျိုက်မရောမြို့နယ်၊ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်း ဆိပ်ကြီးလမ်းပေါ်ရှိ တောင်ကလေးကျေးရွာ ရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မုဒုံမြို့နယ်ဘက်ရှိ အမြောက်တပ်ကလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုနေ့ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တောင်ကလေး၊ ကဒါ၊ ကြံတော၊ လှာကဇိုင် အစရှိသည့် ကျေးရွာများအပြင် ရွာပေါင်း ၇ ရွာကျော်က ဒေသခံ ပြည်သူများမှာ ဘေးလွတ် မည့်နေရာသို့ တိမ်းရှောင်နေကြရသည်။
“တိုက်ပွဲဖြစ်ပြီးတော့ လေယာဥ်နဲ့ လာပစ်တယ်။ အမြှောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ တယ်။ ရွာကလူတွေကတော့ ကြောက်ပြီး အိမ်ပြင်တောင် မထွက်ရဲဘူး။ ပုန်းနေကြရတာ။ တချို့ကလည်း ထွက်ပြေးကြတယ်” ဟု တောင်ကလေးဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် ဒေသခံနှစ်ဦးထက် မနည်းလည်း ထိမှန် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေသည့်အပြင် နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
”သေသွားတဲ့လူတွေရှိတယ်လို့တော့ ပြောတယ်။ အခြေအနေ အသေးစိတ်တော့ မသိသေးဘူး။ အိမ်တွေလည်း ပျက်စီးသွားတာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းအဖွဲ့တို့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောဆိုနေ သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပစ်ခတ်မှုဖြစ်နေသည့် မုဒုံ-တောင်ကလေး-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မုဒုံ-တောင်ကလေး-ခလယ် တံခွန် တိုင်လမ်းပိုင်းတွင် အသွားအလာ မပြုလုပ်ကြရန်လည်း အနီးအနားရှိ ဒေသခံများက တိုက်တွန်း နှိုးဆော်ထားကြ သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မုဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းမကြီးပေါ်ရှိ ချောင်းနှစ်ခွရဲစခန်းကို KNLA ပူး ပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၄ ဦး ဖမ်းဆီးခံခဲ့ရ သည်။
ချောင်းနှစ်ခွ ရဲစခန်း တိုက်ခိုက်မှုခံရစဥ်တွင်လည်း စစ်ကောင်စီဘက်က လေယာဉ်သုံး တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။