ရဲစခန်း ထောက်ခံစာအတွက် ငွေအမြောက်အများကောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန်းပန်မြို့ရှိ နယ်မြေရဲစခန်းတွင် ရဲစခန်း ထောက် ခံစာအတွက် ပြည်သူများ ငွေကြေးများစွာ ပေးဆောင်နေရသည်ဟု အင်းလေးဒေသခံများက ပြောသည်။
အင်းလေးဒေသအတွင်း နေထိုင်သည့် ဒေသခံများအနေဖြင့် ရဲစခန်းထောက်ခံစာ တစ်စောင်လျှင် ကျပ်ငွေ ၁၀,၀၀၀ ကျပ်နှင့် အထက်ကို နန်းပန်မြို့မရဲစခန်း၏ စခန်းမှူးဖြစ်သူ ရဲအုပ် ညီညီအောင် အား ပေးဆောင်နေရ သည်ဟု မြို့ခံပြည်သူများက ပြောသည်။
“သူနဲ့ မသိတဲ့ လူဆိုရင် ၁၀,၀၀၀ ပေးရတယ်။ တခါတလေ အဲ့ဒီထက် ပိုတယ်။ သိတဲ့လူဆိုရင်တော့ တစ်ထောင် ပဲ ယူတယ်။ သိတဲ့လူဆိုတာလည်း သူ့ဆီ အမြဲတမ်း လာဘ်ပေးနေတဲ့ လောင်းကစားဒိုင်တွေပေါ့” ဟု အင်းလေး ဒေသအတွင်း သာလေးကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ပေးဆောင်နေရခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လထဲ တွင် တက္ကသိုလ် ပထမနှစ် ကျောင်းသားများ မေဂျာလျှောက်ရသည့်အတွက် ပေးဆောင်ရသူ ပိုများသည်ဟု ဆို သည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ တောင်ကြီးတက္ကသိုလ်တွင် ကျောင်းတက်နေသည့် ကျောင်းသားဦးရေ နည်းပါးသည့်အတွက် စာမေးပွဲဖြေဆိုမည့် နောက်ဆုံးလ ရောက်သည်အထိ တိုင်အောင် မေဂျာလျှောက်ခွင့်၊ ကျောင်းအပ်ခွင့်များ ပေးထားသည်ဖြစ်ရာ ယခုလ ကျောင်းအပ်သူများမှာလည်း ရဲစခန်း ထောက်ခံစာသွား တောင်းရာတွင် ငွေပေးဆောင်ခဲ့ရသည်ဟု ကျောင်းအပ်သည့် ကျောင်းသား/သူများက ပြောသည်။
တောင်ကြီးတက္ကသိုလ်တွင် တက်ရောက်နေသည့် ပထမနှစ်ကျောင်းသားတစ်ဦးက “ကျနော်က ဖောင်တော်ဦး ရဲကင်းက တစ်ဆင့်ယူတာ။ နန်းပန်အထိသွားစရာ မလိုဘူး။ သူလုပ်ပေးမယ် တစ်သောင်းပေးရမယ် ပြောတယ်။ နာမည်အရင်းတော့ မသိဘူး။ သူ့ကို ကိုငယ်လို့ခေါ်ကြတယ်” ဟု ပြောသည်။
အင်းလေးဒေသ အလယ်ပိုင်းရှိ ကျေးရွာများအားလုံးမှာ အလုပ်အကိုင်လျှောက်ခြင်း၊ ကျောင်းအပ်ခြင်းများ အတွင် နန်းပန် နယ်မြေရဲစခန်းတွင်သာ ရဲစခန်းထောက်ခံစာ ယူကြရခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါရဲစခန်း၏ လက်အောက်ခံ ဖောင်တော်ဦးဘုရား ရဲကင်းရှိ ရဲတပ်သားများကလည်း ထိုနှုန်းထားအတိုင်း ငွေကောက်ခံနေ သည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းစ၍ အင်းလေးဒေသတွင်း ညောင်ရွှေ၊ နန်းပန်၊ ဖောင်တော်ဦး ရဲစခန်းများ ရှိ ရဲတပ်သားများမှာ လောင်းကစားဒိုင်များအား ယခင်နှုန်းထက် ဆက်ကြေး အခွန်ငွေများ ပိုမိုကောက်ခံနေ သည် ဟုလည်း ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါ ရဲစခန်းများသည် ယခင် အစိုးရအဆက်ဆက်ကတည်းက မူးယစ်ဆေးဝါးရောင်းချသူများ ကို လာဘ်ယူ ကာကွယ်ပေးထားသောကြောင့် နေပြည်တော် မူးယစ်အထူးနှိမ်နှင်းရေးအဖွဲ့မှ ညောင်ရွှေမြို့နယ်၊ သာ လေးကျေးရွာတွင် မူးယစ်တရားခံများ လာဆင်းဖမ်းရသည်အထိ ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။
နန်းပန်မြို့မှာ ယခင်ကိုလိုနီ လက်ထက်ကတည်းက မြို့အဆင့်ဖြစ်ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မဆလအစိုးရမှ ကျေးရွာအဆင့်သို့ ပြောင်းလဲခဲ့ရာ ထိုမှတဖန် ၂၀၁၉ ခုနှစ်တွင် NLD အစိုးရမှ မြို့အဆင့်သို့ ပြန်လည်တိုးမြှင့်လိုက်သည့် မြို့တစ်မြို့ ဖြစ်သည်။