ရဲတပ်ဖွဲ့ဝင်၏ ဇနီးအပါအဝင် လူ ၃ ဦးကို အကြမ်းဖက် ဥပဒေဖြင့် တရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် PDF များကို ထောက်ပံ့ပေးနေသူများ အဖြစ် စွပ်စွဲ ဖမ်းဆီးခံရသည့် သူများ အနက် ရဲတပ်ဖွဲ့ဝင်၏ ဇနီးတစ်ဦးနှင့် မြို့ခံ စီးပွားရေး လုပ်ငန်းရှင် ၂ ဦး ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ဖြင့် အမှုဖွင့်လိုက်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ဖျာပုံမြို့နယ်၊ ရဲတပ်ဖွဲ့ဝင် ထင်လင်း ဆိုသူ၏ ဇနီး မကေသီဝင်း (ခ) ငယ်ငယ်၊ Brother လ္ဘက်ရည်ဆိုင် ပိုင်ရှင် ဦးကိုမျိုးမျိုး၊ ဆွေသဟာ တည်းခိုခန်း လုပ်ငန်းရှင် ဒေါ်ဆွေဆွေလှိုင် တို့ကို အကြမ်း ဖက် ဥပဒေ ပုဒ်မ ၅၀-ည၊ ၅၂-က တို့ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက “PDF ထောက်ပံ့တယ် ဆိုပြီး ဖမ်းထားတာ ၂၀ ကျော်တယ်၊ လောလောဆယ် မှာ သူတို့ ၃ ဦးကိုပဲ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်။ ကျန်တဲ့ သူတွေကိုတော့ စစ်ဆေးနေကြတုန်း”ဟု ပြောသည်။

၎င်းတို့ ၃ ဦးကို စစ်ကောင်စီက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် ဥပဒေ ပုဒ်မတို့ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

စီးပွားရေး လုပ်ငန်းရှင် ၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင်၏ ဇနီး ၁ ဦး အပါအဝင် လူအယောက် ၂၀ ကျော်ခန့်ကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရာတွင် ယခု အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံလိုက်ရသည့် ဖျာပုံမြို့နယ်၊ ရဲတပ်ဖွဲ့ဝင် ထင် လင်းနှင့် ၎င်း၏ဇနီး မကေသီဝင်း ခေါ် ငယ်ငယ်၊ ”Brother” လ္ဘက်ရည်ဆိုင်ပိုင်ရှင် ဦးကိုမျိုးမျိုး၊ “ဆွေသဟာ” တည်းခိုခန်း လုပ်ငန်းရှင် ဒေါ်ဆွေဆွေလှိုင်တို့ပါ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီက ဖျာပုံမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကို PDF၊ NUG၊ CRPH၊ CDM ပြုလုပ်ထားသူများအား ထောက်ခံသူ၊ ထောက်ပံ့သူ ဟုဆိုကာ စွပ်စွဲ ဖမ်းဆီး ထောင်ချမှုများ ရှိနေပြီး အောက်ခြေ ဝန်ထမ်း အချင်းချင်းလည်း မယုံသင်္ကာ ဖြစ်နေကြသည်ဟု အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ အချို့က ပြောသည်။

“စစ်တပ်က ကောင်တွေက ရဲလည်းမယုံ၊ CDM မလုပ်တဲ့ တခြား ဌာနဆိုင်ရာ ဝန်ထမ်းလည်း မယုံ။ သူတို့ စစ် သား အချင်းချင်းလည်း မယုံဖြစ် နေကြတယ်” ထွေအုပ်ရုံးမှ Non CDM ဝန်ထမ်းသူတစ်ဦး က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖျာပုံမြို့နယ် လျှပ်စစ်ရုံးနှင့် စိုက်ပျိုးရေးရုံး အနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ လျှပ်စစ်ရုံးဝန်ထမ်း အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ အထိလည်း ပြန်မလွှတ်ပေးဘူးဟု ဒေသခံများက ပြော သည်။

အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရုံးဝန်ထမ်း အ မျိုးသမီး ၁ ဦး ကို စစ်ကောင်စီ၏ တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-ည ဖြင့် ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့သေးသည်ဟု နီးစပ်သူများက ပြောသည်။