ရေး စခန်းမှူးကို ရေးဘီလူးအဖွဲ့ ပစ်ခတ် ရှင်းလင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

မွန်ပြည်နယ်၊ ရေးမြို့ မြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သား ၂ ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်း လိုက် သည်ဟု ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင် အချိန်ခန့်က ရေးမြို့မရဲစခန်းက စခန်းမှူးနှင့် တပ်သားနှစ် ဦးတို့ စီးလာသည့် ကားကို ရေးမြို့နယ် အခြေစိုက် တပ်ရင်း-၁၉ အနီး ရေး-ထားဝယ် ကားလမ်းမပေါ်တွင် ရေးဘီ လူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ရေးမြို့မ စခန်းမှူးနှင့် အဖွဲ့တို့ ပစ်သတ်ခံရသည့် ဖြစ်စဥ်အတွင်း လက်နက်နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရ မိခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်းက “မနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင်လောက်မှာ ရေးမြို့စခန်းမှူးနဲ့အဖွဲ့ကို တပ်ရင်း ၁၉ အနီး မီတာ ၂၀ အကွာအဝေးမှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သိမ်းဆည်းရမိတဲ့လက်နက်တွေက M16 A1 တစ်လက်စီ၊ စခန်းမှူးကိုင်တဲ့ ၆ လုံးပြူး တစ်လက်နဲ့ စာရွက်စာတမ်း တချို့ ပါတယ်၊ စခန်းမှူးကို ကျနော်တို့ လိုက်နေခဲ့တာ ကြာပါပြီ။ ဒီနေ့ မှာ စခန်းမှူးအပါအဝင် ပေါင်း ၃ ဦးကို ကျနော်တို့ ရေးဘီလူးအဖွဲ့က သုတ်သင် ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရေးမြို့မစခန်းမှူးနှင့် အဖွဲ့တို့ ပစ်သတ်ခံရပြီးနောက် ရေး-ထားဝယ် ကားလမ်းပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရေးမြို့ပေါ်တွင်လည်း စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ရေးမြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ခေါဇာမြို့မစခန်းမှူးနှင့် ရဲတပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ထို့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့က လမိုင်းမြို့ နယ်ထိန်းရဲကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည့် အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။

အလားတူ ဒေသအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်ထမ်းများနှင့် စစ်ကောင်စီသတင်း ဒလန် ဟု သတ်မှတ်ခံရသည့် သူများကိုလည်း မကြာခဋ္ဌ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရှေ့ဆက်လည်း စစ်ကောင်စီသတင်းပေး ဒလန်များကို ပစ်ခတ်ရှင်းသွားမည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထား သည့်အပြင် အုပ်ချုပ်ရေးမှူးများ CDM မပြုလုပ်သော ဝန်ထမ်းများအား ရာထူးတာဝန်အသီးသီးမှ နှုတ်ထွက်ကြဖို့ လည်း သတိပေး ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။