သတိပေးခံထားရသူ ရဲဝန်ထမ်းဟောင်းတစ်ဦး သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

အငြိမ်းစား ရဲဝန်ထမ်းဟောင်း တစ်ဦး ရေဖြူတွင် ပစ်သတ်ခံလိုက်ရသည် ဟု ဒေသခံများက ပြောသည်။

ဦးခေါင်း၊ လည်ပင်းနှင့် ဝမ်းဗိုက် တို့တွင် သေနတ်ကျည်ထိမှန် ဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသည်ကို လမ်းသွားလာ ဒေသခံအချို့က မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာနှင့် ဝက်ချောင်းအကြား လမ်းပိုင်းတွင်ရှိသည့် ဆီအုန်းတောအစပ်တွင် အငြိမ်း စား ရဲဝန်ထမ်းဟောင်း တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ပုဂေါဇွန်းရွာသား တစ်ဦးက “သေနတ်သံတော့ မကြားရဘူး။ ဖြစ်တဲ့နေရာက လူသွား လူ လာ ပြတ်တယ်။ လူတစ်ယောက် သွေးအိုင်ထဲ မှောက်လျက်လဲကျနေတယ်လို့ လမ်းသွားလာတွေက ရွာမှာ လာ ပြောလို့ ရွာသားတွေ ပြေးသွားကြည့်ကြတာ။ အဲ့ဒါမှ ဘယ်သူဆိုတာ သိကြရတာ” ဟု ပြောသည်။

အသက် ၅၅ နှစ်အရွယ် ဦးတင်ထွန်း ဆိုသူ နိုဝင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးရွာများထဲသို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးရောက်ရှိလာသည့် အချိန်များတွင် ဦးတင်ထွန်းသည် ၎င်းကိုယ်တိုင် လမ်းပြအဖြစ် ပူးပေါင်းပါဝင်မှုများ ရှိနေခဲ့သည်ဟု ပုဂေါဇွန်း ရွာ သားများက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ယာဥ်တန်းများအား PDF အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ထားချိန်များတွင် လည်း မိုင်းမီးကြိုးများအား လိုက်လံဖြတ်တောက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးခံ ထားရသူတစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

သေဆုံးသူ ဦးတင်ထွန်းသည် ဝက်ခြံအတွင်း ဝက်အစာ ကျွေးရန် ပြင်ဆင်နေချိန် လူငါးဦးရောက်ရှိလာပြီး အပြင် ကို ခေါ်ထုတ်သွားခဲ့ပြီးနောက် လူအသွားအလာ ပြတ်သည့် နေရာရောက်မှ ပစ်သတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆွေ မျိုးတော်စပ်သူ ရွာသားတစ်ဦးက ပြောသည်။

ခြေတဘက်ပြတ် မသန်စွမ်းမှုကြောင့် စစ်အာဏာမသိမ်းမှီ ကတည်းက ရဲတပ်ဖွဲ့မှ ဦးတင်ထွန်း အနားယူပြီး ပုဂေါဇွန်းကျေးရွာသူနှင့် အိမ်ထောင်ကျကာ ရှမ်းလမ်းဆုံ (ဒေသအခေါ်) တွင် တဲထိုး၍ ကြက်၊ ဝက်၊ ဘဲများ မွေးမြူပြီး နေထိုင်သူဖြစ်သည်ဟု ရွာသားအချို့က ပြောသည်။

သေဆုံးသွားခဲ့သူ ဦးတင်ထွန်း၏ ရုပ်အလောင်းကို အပစ်ခံရသည့်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာပင် နေ့ချင်းပြီး မိသားစုဝင်များက သင်္ဂြိုလ်ပေးလိုက်ကြသည်ဟု ဆိုသည်။