အမတ်များ ထောင်ဒဏ်တိုး ချခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် ဖမ်းဆီးခံထားရသည့် NLD ပါတီက အမတ် ၃ ဦး အပါအဝင် ၁၁ ဦးကို ထောင် ဒဏ် နှစ်စီ ထပ်တိုးချလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

ပုသိမ်ထောင်တွင် ဖမ်းဆီးခံရထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က လွှတ်တော် ကိုယ်စား လှယ် ၃ ဦး၊ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၁ ဦး၊ ကဗျာဆရာ ၁ ဦး အပါအဝင် ပုသိမ်မြို့က စစ် အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြသူ ၁၁ ဦး တို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့ က စစ်ကောင်စီ၏ ထောင်တွင်း တ ရားရုံးက ထောင်ဒဏ် အနှစ် ၂၀ စီ ထပ်တိုးချမှတ်လိုက်ခြင်း ဖြစ်သည်။

အသက် ၆၈ နှစ်ရှိ ဥပဒေ အရာရှိဟောင်းတစ်ဦး “သူတို့ အားလုံးကို ထောင်တွင်း တရားရုံးက ထောင်ဒဏ်တွေ ချ ပြီးသားတွေပါ။ နောက်ပုဒ်မတွေ ထပ်တိုးပြီး ထောင်နှစ်ရှည် ချချင်လို့ ချလိုက်ကြတာပဲ။ စစ်တပ်အာဏာသိမ်း ပြီး ကတည်းက ဥပဒေ စာအုပ်ကြီးက အမှိုက်ခြင်းထဲက စက္ကူစုတ် သာသာဖြစ်သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီက ၎င်းအားလုံးကို မေလအတွင်းက ပုဒ်မ-၅၀၅ ဖြင့် အချို့အား ထောင်ဒဏ် ၂ နှစ်၊ အချို့ကို ထောင် ဒဏ် ၃ နှစ် စသဖြင့် အသီးသီး ချမှတ်ခဲ့ပြီးနောက် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ-၁၂၂၊ ၁၄၄ တို့ဖြင့် ထောင်ဒဏ်နှစ် ၂၀ စီ ထပ်တိုးချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

သာပေါင်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ဖြစ် ကြသည့် သာပေါင်းမြို့နယ်က ဦးအောင်အောင်ဦး၊ ပုသိမ်မြို့နယ်က ဦးသန်းထွဋ်၊ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ဝင် ဦးကျော်လှမိုးတို့ကို ထောင်ဒဏ်အနှစ် ၂၀ ထပ်တိုး ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပုသိမ်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဦးဝင်းနိုင်၊ ဦးစိုးမြင့်မောင်၊ ကိုချစ်သွေးနီ၊ ကိုဝင်းအောင်သူ၊ ကိုကျော်သန်းဦး၊ ကိုအောင်မော်ထွန်းနှင့် ကိုထက်လင်းစိုး (ကဗျာဆရာ လူဖန်ခါး) တို့ကိုလည်း ထောင်ဒဏ်အနှစ် ၂၀ ထပ်တိုးချ လိုက်သည်။

“နိုင်ငံတော်ကို လက်နက်နဲ့ အကြမ်းဖက် အာဏာသိမ်းတာကို လက်မခံနိုင်လို့ ဆန့်ကျင်ကြတဲ့ သူတွေကို အကြမ်းဖက် အာဏာသိမ်း စစ်တပ်က နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းပြီး ထောင်နှစ်ရှည်ချတယ်၊ တညင်းသီးက အီးတပြန် သူခိုးက လူဟစ် ဆိုတာမျိုးပါပဲ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦး ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ပုသိမ်မြို့နယ် ရွှေမြင်တင် ကျေးရွာအုပ်စုက ခြံတစ်ခြံအတွင်း အစည်းအဝေး ကျင်းပနေစဉ် စစ်ကောင်စီတပ်က အင်အားသုံး ပစ်ခတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဒေသ တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးကျော်လှမိုး နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုထက်လင်းစိုး (ကဗျာဆရာ လူဖန်ခါး) တို့ကို ပုသိမ်မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် အတွက် ၂၀၂၁ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ် အနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်သားဟန်ဆောင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပုသိမ်ထောင်ထဲတွင် ပုသိမ်ခရိုင် ၇ မြို့နယ်အတွင်းက နိုင်ငံရေး ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားရသည့် နိုင်ငံရေး အကျဉ်းသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၄၀၀ ကျော်ခန့် ရှိနေသည့် အနက် အမျိုး သမီး ၁၈ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၈၀ ကျော်ကို ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပြီး ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။