ရွှေကျင် NLD တိုင်းလွှတ်တော် ကိုယ်စားလှယ်၏ အိမ်ကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး တိုင်းလွှတ်တော် ကိုယ်စားလှယ်၏ ရွှေကျင်မြို့နယ်မှ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ရွှေကျင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း ၏ နေအိမ်နှင့် ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးကို သိမ်းဆည်းကြောင်း ဝရမ်းထုတ်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”အိမ်တွေ ချိပ်ပိတ်တယ်ဆိုတာ ကျမက မမှုပါဘူး။ အိမ်ပိတ်တာလောက်တော့ ခါချဉ်ကိုက်သလောက်တောင် မရှိဘူး။ ဂရုလည်း မစိုက်ဘူး။ နိုင်ကိုနိုင်မယ်လို့ ယုံကြည်ပြီးသား လူတွေမို့ ရှေ့ကို ဆက်ပြီး ဒီတော်လှန်ရေး စိတ် ဓာတ်တွေ မြင့်မားနေဦးမှာဘဲ၊ ပြည်သူလူလူထုကလည်း ကျမတို့နဲ့ အတူ လက်နက်အားကိုးနဲ့ မင်းမဲ့စရိုက် လုပ် နေတဲ့ စစ်တပ်ကို ကျမတို့နဲ့ လက်တွဲပြီး ပူးပေါင်းပါဝင်ကြပါလို့ ပြည်သူလူထုကိုလည်း တိုက်တွန်းလိုပါတယ် ရှင့်” ဟု ဒေါ်လှလှဝင်းက ပြောသည်။

စစ်ကောင်စီ၏ အိမ်ချိပ်ပိတ်ခြင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင့်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး တက် ကြွလှုပ်ရှားနေသူများကို စစ်ကောင်စီတပ်၏ လုပ်လေ့ရှိသည့် ကိစ္စတခုဖြစ်သောကြောင့် လုပ်ဟန်ဖြစ်သည်ဟု
တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းက မမှုကြောင်းပြောသည်။

ဒေါ်လှလှဝင်းကို ယခင်က ပုဒ်မ ၅၀၅-က နှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ယခုအခါ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဆိုသည်။

ပုဒ်မ ၅၀၅-က နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင် ဖြည့် စွက်လိုက်သည့် ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။

ရွေးကောက်ပွဲ မဲမသမာမှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဖြင့် ဒေါ်လှလှဝင်းကို ထပ်မံတရားစွဲဆိုထားခြင်း ဖြစ်သည်။

ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀-က သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်၊ တားမြစ်ချက်၊ တည်ဆဲဥပဒေ တစ်ခုခုကို ချိုးဖောက်ပါက တရားစွဲဆိုနိုင်သည့် ပုဒ်မ ဖြစ်သည်။ ထောင်ဒဏ် ၃ နှစ် (သို့) ငွေဒဏ် (သို့) နှစ်မျိုးစလုံး ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းထားသည်။

ဒေါ်လှလှဝင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြုကာ ရွှေကျင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်တို့တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင်‌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ် ဆက်တိုက် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်သည်။

ဒေါ်လှလှဝင်း၏ သားဖြစ်သူကိုပါ စစ်ကောင်စီက အကြမ်းဖက် ဥပဒေပုဒ်မ တပ်ကာ ဖမ်းဆီးထောင်ချရန် ကြိုးစားနေသည်ဟုလည်း နီးစပ်သူများက ပြောသည်။