မြို့နယ် ထွေအုပ်ရုံး ဗုံးကွဲ၊ ဝန်ထမ်းတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုမှာ နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ခံ တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “လက်နက်ကြီးလား မိုင်းကွဲတာလားတော့ မသိဘူး။ ပေါက်ကွဲသံတော့ အကျယ်ကြီး ကြား လိုက်ပြီး ကာမိုင်း တံတားထိပ်နားမှာနေတဲ့ ဝန်ထမ်းတစ်ယောက် သေသွားတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုအတွင်း သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ်ရှိသူ အထွေထွေအုပ်ချုပ်ရေးရုံးမှ အမျိုးသား ဝန် ထမ်း တစ်ဦး ဖြစ်သည်။

ထိမှန်သေဆုံးသူအပြငင် ထိခိုက်ဒဏ်ရာ ရရှိသူ အချို့ ရှိခဲ့သော်လည်း လူဦးရေစာရင်းအတိအကျကိုမူ မသိရ သေးဘူးဟု အမည်မဖော်လိုသူ ကာမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခုပေါက်ကွဲမှုမှာ ကာမိုင်းမြို့ရှိ စစ်တပ်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

ယခုရက်ပိုင်း ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေပြီး အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုများကြောင့် သေဆုံးမှုများ ဆက် တိုက်ရှိနေသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဖားကန့်၊ မှော်စီစာတွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး သွားခဲ့သည်။

ဖားကန့်မြို့နယ်၊ အနန့်ပါ ဒေသတွင် အောက်တိုဘာလ ၂၃ ရက်နေ့၊ ည ၈ နာရီကျော်အချိန် က KIO အထိမ်း အမှတ် နေ့ အကြိုပွဲပြုလုပ်နေချိန် စစ်ကောင်စီဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ပြီး KIO/KIA မှ ခေါင်းဆောင် များ၊ KIA တပ်သား၊ ကချင်အနုပညာရှင်အချို့နှင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးခဲ့ပြီး နောက် နှစ်ဖက် ကြား စစ်ရေးတင်းမာလျှက် ရှိသည်။

ထို့အပြင် ဖားကန့်ဒေသအတွင်း စစ်ကောင်စီဘက်မှ စစ်ဆေးမှုများ တင်းကြပ် ထားပြီး မြစ်ကြီးနား-ဖားကန့် လမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း တားဆီးစစ်ဆေးမှုများ တင်းကြပ်ထားသည်မှာ ယနေ့အချိန် ထိ ဖြစ်သည်ဟု ဒေသခံ ခရီးသွားပြည်သူများက ပြောသည်။