သံဃာတပါး ပျံလွန်တော်မူသော တိုက်ခိုက်မှု မှားယွင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း PDF အဖွဲ့များ တောင်းပန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲတွင် ကားနှစ်စီး မိုင်းဆွဲပစ်ခတ်ခံရပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး သီလ ရှင် တစ်ပါး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်မှာ မှားယွင်းတိုက်ခိုက်မိခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်တောင်းပန်ထားသည်။

ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကဒဲကျေးရွာအနီး ကားနှစ်စီး မိုင်းဆွဲပစ်ခတ်ခံရပြီး သံဃာ တော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး သီလရှင် တစ်ပါး၊ ယောဂီ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဖြစ်တဲ့နေရာမှာပဲ ဘုန်းကြီးက ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်။ သီလရှင်နဲ့အတူ ဒဏ်ရာရတဲ့သူ ၃ ယောက် ကို ပုလောဆေးရုံကို ပို့လိုက်တယ်” ဟု ကဒဲရွာသားတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၂ ရက်နေ့၊ ည ၁၀ နာရီခွဲ အချိန်ခန့်က မြိတ်ဘက်မှ မောင်းနှင်လာပြီး ကော့သောင်းမှ မြဝတီမြို့သို့ သွား
ရောက်မည့် အံစာတုံးကား ၂ စီး ကဒဲကျေးရွာအနီး ရေကျော် ထန်းပင်တန်း အရောက်တွင် မိုင်းဆွဲပစ်ခတ်ခံရခြင်း ဖြစ်သည်။

မိုင်းဆွဲပစ်ခတ်ခံရသည့် ကားနှစ်စီးပေါ်တွင် ဘုန်းကြီး၊ သီလရှင် အပါအဝင် ဒကာ၊ ဒကာမ ၁၆ ဦးစီးနင်း လိုက်ပါလာပြီး သဘာဝ တရားရိပ်သာ စာတန်းရေးသားထားသည့် ကားတစ်စီး မိုင်းထိမှန် ပျက်စီးသွားခဲ့သည့်အပြင် ကားပေါ်တွင် ပါလာသည့် သံဃာတော်တစ်ပါး ပျံလွန်တော် မူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းဆွဲပစ်ခတ်မှုအား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် ပုလောမြို့နယ်အခြေစိုက် KNDO ဦးဆောင်သည့် ပူရိယက္ခ ညီနောင်စစ်ကြောင်း နှင့် ပူးပေါင်းထားသည့် ပုလော PDF မဟာမိတ် တပ်ပေါင်းစု အဖွဲ့ များက စစ်ကောင်စီ ယာဥ်တန်းနှင့် မှားယွင်းကာ ပြုလုပ်မိခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် ပူရိယ က္ခညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားသည်။

မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “ဖြစ်စဥ်က မှန်ပါတယ်။ ည ၈ နာရီလောက်မှာ ခလရ ၂၈၅ တပ်ရင်းက စစ်ကား နှစ်စီး ပလဘက် ထွက်သွားတယ်။ ည ၁ဝ နာရီကျော်လောက်ကျတော့ သူတို့ပြန်လာတဲ့ကားတွေ အထင်နဲ့ မိုင်း ဆွဲပြီး မှားပစ်လိုက်တာ” ဟု ပြောသည်။

မြိတ်-ပုလောလမ်းပိုင်းကို နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ပြီး ည ၈ နာရီမှ နံနက် ၄ နာရီ အချိန်ထိ ဖြတ်သန်းသွား လာခြင်း မလုပ်ကြရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မေတ္တာရပ်ခံထားပြီး၊ ကားသမားတိုင်းလည်း သိရှိထား ပြီး ဖြစ်သဖြင့် ယခုကဲ့သို့ ထင်မှတ်မထားသည့် ကိစ္စရပ် ဖြစ်သွားသည့်အပေါ် များစွာစိတ်မကောင်း ဖြစ်မိသည်ဟု အဆိုပါ မဟာမိတ်တပ်ဖွဲ့ဝင်က ပြောသည်။

ကန့်သတ်ချိန်အတွင်း ဖြတ်သန်းမောင်းနှင်လာသည့် မော်တော်ယာဉ်များ မှားယွင်းပစ်ခတ်ခံရမှုတွင် ယင်း ကားပေါ်ပါ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ခြင်းနှင့် ထိခိုက်ဒဏ်ရာရသွားသူများ ရှိခဲ့သည့် ဖြစ်စဥ်အပေါ် ညှိုးငယ်သောစိတ်ထားဖြင့် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။

အလားတူဖြစ်စဥ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မြိတ်-ပုလော လမ်း ပိုင်းအတွင်း နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်ကာ ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း မည်သည့်ယာဥ်ကိုမဆို လုံးဝ (လုံးဝ) ဖြတ်သန်းမောင်းနှင်ခွင့် ပြုတော့မည်မဟုတ်ကြောင်း ထပ်ဆင့်ရေးသားထားသည်။

ထို့အပြင် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် လိုအပ်ပြီး ယာဥ်ကြီး ယာဥ်ငယ်များ မှန်ချမောင်းနှင်ရန်၊ စစ်
ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးကြရန်၊ စစ်ကောင်စီ၏ ယာဥ်တန်းများနှင့် နီးကပ်စွာ မောင်းနှင်ခြင်းကို ရှောင်ရှားရန်နှင့် ကန့်သတ်ချိန်အတွင်း ဖြတ်သန်းမောင်းနှင်သည့် ယာဥ်များကိုလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။