ပျူစောထီး ဆိုသူ နှစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲတွင် ပျူစောထီးအဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား သည်ဟု ဒေသခံရွာသားများက ပြောသည်။

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် ကိုဝက်ကြီးနှင့် ကိုအောင်ဇော်တို့ ၂ ဦး နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ အရွယ် ရွာသားတစ်ဦးက “ညနေ ငါးနာရီလောက်ကနေ ရှစ်နာရီကျော် အထိ သေနတ်သံတွေ ကြား နေရတာ။ ရွာသားတွေက အပြင်မထွက်ရဲတော့ဘူး။ သူတို့ ၂ယောက်ပစ်သတ်ခံရတာ ညထဲက ကြားပေမယ့် သွားကြည့်မရဲဘူး” ဟု ပြောသည်။

နေအိမ်တွင် ရှိနေသည့် ပျူစောထီးအဖွဲ့ဝင် ကိုဝက်ကြီးကို ညနေ ၅ နာရီခန့်တွင် အမည်မသိ လူ ၅ ဦး ရောက်ရှိ လာပြီး သေနတ်ဖြင့် ၆ ချက် ဝင်ရောက်ပစ်ခတ်သွားခဲ့ပြီးနောက် ကိုအောင်ဇော်လင်းကိုလည်း ယင်းနေ့ ည ၈ နာရီ အချိန်ခန့်မှာပင် ၎င်း၏နေအိမ်တွင် ထပ်မံပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဦးစလုံးသည် ထိုသို့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

ပစ်သတ်ခံရသည့် ပျူစောထီးအဖွဲ့ဝင် ကိုဝက်ကြီးဆိုသူမှာ မူးယစ်ဆေးဝါး အမြဲသုံးစွဲနေသည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်များ၌ ရွှေ၊ ငွေနှင့် အဖိုးတန်ပစ္စည်းများ လိုက်လံ ခိုးယူတတ်သူဖြစ်ကာ စစ်တပ်ကို လမ်းပြ လုပ်ပေးနေသူ တစ်ဦးလည်း ဖြစ်သည်ဟု ပြင်ကြီးရွာသားတစ်ဦးက ပြောသည်။

သေဆုံးသူ ကိုဝက်ကြီးဆိုသူ၏ ရုပ်အလောင်းကို ပစ်ခတ်ခံရသည့်နေ့ ည ၈ နာရီခွဲ အချိန်တွင် အရေးပေါ် လူနာ တင်ကားဖြင့် ထားဝယ်ဆေးရုံသို့ သယ်သွားခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းက ဇဟာသုဿန်တွင် သင်္ဂြိုလ်လိုက်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ထပ်မံ ပစ်သတ်ခံရသူ ကိုအောင်ဇော်လင်းမှာလည်း မူးယစ်ဆေးဝါး ကိုယ်တိုင်သုံးစွဲသည့်အပြင် ရောင်းဝယ်ဖောက်ကားမှုဖြင့် ထောင်ဒဏ်ကျ ခံရာမှ စစ်တပ်က အာဏာသိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် ပျူစောထီးအဖွဲ့တွင် ဝင်ထားသူဖြစ်သည်။

ပျူစောထီးအဖွဲ့ဝင် ကိုအောင်ဇော်လင်းသည် ထောင်မှ ပြန်လွတ်လာပြီးနောက် စစ်တပ်နှင့် ပေါင်း၍ မူးယစ် ဆေးဝါးများ ရောင်းချနေခြင်း၊ နောက်ကွယ်မှ ငွေကြေး ကူညီထောက်ပံ့ခြင်း၊ PDF များ၏ လှုပ်ရှားမှု သတင်းများ ပို့ပေးခြင်းတို့ကို ပြုလုပ်နေသည့်အပြင် လေသေနတ် လက်ဝယ် ကိုင်ဆောင်ထားသဖြင့် ၎င်းကို အဆိုပါ လုပ်ငန်းများ ဆက်မလုပ်ဆောင်ရန် PDF အဖွဲ့များက အကြိမ်ကြိမ် သတိပေးခြင်းခံထားရသူလည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကိုအောင်ဇော်လင်း၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှပင် ထားဝယ်သို့ သယ်ယူသွားခဲ့ပြီး မွန်းလွဲပိုင်း၌ ပြန်ယူလာကာ ကျေးရွာ သုဿန်တွင် သင်္ဂြိုလ်လိုက်သည်ဟု ဆိုသည်။