လူတစ်ဦးထက်ပိုစီးသော ဆိုင်ကယ်များ ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ပုခုက္ကူမြို့တွင် ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုစီးသူများအား စစ်ကောင်စီမှ ဖမ်းဆီးနေသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမစီးရ အမိန့်စာအား နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ထုတ်ပြန်ပြီးနောက် မလိုက်နာသူများအား ယင်းနေ့ နံနက်ပိုင်းမှာပင် ချက်ချင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။

ပခုက္ကူမြို့ရှိ အမှတ် ၁၄ ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက “နှစ်ယောက် စီး တဲ့ ဆိုင်ကယ်တိုင်းကို ဖမ်းတာပါ။ မိန်းကလေးချင်းလည်း မရဘူး။ ကျားကရှေ့ထိုင်၊ မက အနောက်ကစီးလည်း မရဘူး။ တော်တော်များများကို ဖမ်းတာ။ လမ်းမကြီးတွေပဲ ဖမ်းတာ မဟုတ်ဘူး။ လမ်းကြားတွေ အထိပါ ဖမ်း တာ” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ထွေအုပ်မှ ထုတ်ပြန်ထားသော အမိန့်စာထဲတွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း မောင်းနှင်သူ တစ်ဦးတည်းသာ ဆိုင်ကယ်စီးရန်နှင့် ညနေ ၆ နာရီ မှ နောက်နေ့ နံနက် ၈ နာရီအထိ လုံးဝ ဆိုင်ကယ်စီးနင်းခြင်း မပြုရဟု ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်အား မလိုက်နာသည့် ပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီတွင် မြိုင်လမ်းမကြီး၊ မြို့ ရှောင်လမ်း၊ ရွှေလမ်းဆုံ စသည့်နေရာများမှ စတင်၍ တစ်မြို့လုံးနီးပါး ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ တပ်သား များက ည ၁၀ နာရီအထိ စောင့်၍ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဒေသခံ တစ်ဦးက “သူတို့က ဒီမနက် အမိန့်ထုတ်၊ ဒီမနက် ချက်ချင်းဖမ်းဆိုတော့ မသိဘူးလေ။ အုပ်စုလိုက် Chevrolet ကားနဲ့ လာ ဖမ်းတာ။ လမ်းကြားလို နေရာတွေမှာတော့ လူတွေ မရိပ်မိအောင် အိမ်စီးကားနဲ့ စောင့် ဖမ်းတယ်” ဟု ပြောသည်။

လူတစ်ဦးထက်ပို၍ ဆိုင်ကယ်စီးနင်းမှုကြောင့် အဖမ်းခံရသည့် မြို့ခံပြည်သူများမှာ ဒဏ်ငွေ ကျပ် ၈၀,၀၀၀ ခန့် အထိ ယာဉ်ထိန်းရဲများအား ပေးဆောင်ခဲ့ရပြီး အချို့မှာ ပေးဆောင်နိုင်ခြင်း မရှိသောကြောင့် ပခုက္ကူမြို့မရဲစခန်း တွင် အချုပ်ကျနေသူများပင် ရှိနေသည်ဟု မြို့ခံအချို့ က ပြောသည်။

သို့သော် မြို့ခံပြည်သူအချို့ကိုမူ “ပြန်သွားလိုက်တော့ မနက်မှ ဒဏ်ရိုက်မယ်” ဟု စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားများမှ ပြောဆိုကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သူများလည်း ရှိသည်ဟု ဆိုသည်။

ပခုက္ကူမြို့တွင် လူတစ်ဦးထက်ပို၍ ဆိုင်ကယ်စီးသူများကို ဖမ်းဆီးရုံသာမက ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင် မပါသူများ၊ ဆိုင်ကယ်ဦးထုပ် မစောင်းဘဲ စီးနင်းနေသူများကိုလည်း ယာဉ်ထိန်းရဲမှ ဒဏ်ငွေ ကျပ် ၅၀၀၀၀ နှင့် အထက် ဒဏ်ရိုက်နေသည်ဟု မြို့ခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဇူလိုင်လမှ စတင်၍ မြို့ပြပြောက်ကျား လှုပ်ရှားမှုများ အားကောင်းလာမှုနှင့် အတူ စစ်ကောင်စီသည် ရန်ကုန်တိုင်းမှအပ တစ်နိုင်ငံလုံးတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ် စီးနင်းခွင့်မပြုသည့် အမိန့်စာ ထုတ်ခဲ့ဖူးသည်။

သို့သော် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အတူတကွ ဆိုင်ကယ်စီးခွင့်ရှိပြီး ပခုက္ကူမြို့တစ်ခုတည်းတွင် လူနှစ်ဦးဆိုင်ကယ်မစီးရ အမိန့်ထုတ်ထားခြင်းကြောင့် စစ်ကောင်စီ တပ်သားများက ပြောက်ကျား စစ်ဆင်ရေးကို လွန်စွာ စိုးရိမ်ကြောက်ရွံနေသည်ဟု မြို့ခံပြည်သူများက ပြောဆိုနေကြသည်။