ပင်လောင်းတွင် စစ်ရှောင်း ၂၀၀၀ ကျော် တိုး
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာလအတွင်း စစ် ဘေးရှောင်ဦးရေ ၂,၀၀၀ ကျော်ခန့်တိုးလာသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်အတွင်း နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်သားများက ဖရူဆို၊ ဒီးမော့ ဆို၊ လွိုင်ကော် စသည့်မြို့နယ်များထဲရှိ လူနေရပ်ကွက်၊ ကျေးရွာများရှိရာသို့ လက်နက်ကြီးများနေ့စဉ် ပစ်ခတ်မှု ကြောင့် ကရင်နီဒေသခံများမှာ ပင်လောင်းမြို့နယ်သို့ စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင် ကူ ညီဆောင်ရွက်ပေးနေသူများ က ပြောသည်။
ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ကူညီသည့် အဖွဲ့အစည်းမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “ဒီလထဲ နေ့တိုင်း စစ်ရှောင်တွေက တိုးနေတယ်။ နေတာတော့ အများစုက ဘုန်းကြီးကျောင်းပေါ့။ တချို့လည်း နီးစပ်ရာ ဆွေမျိုးတွေနား ကပ်နေကြတာပေါ့။ အကူအညီကတော့ အားလုံးလိုတယ်။ ကဏ္ဍအားလုံးပေါ့။ အဲဒီထဲမှ ကျန်း မာရေးကတော့ အခု အလိုအပ်ဆုံးပေါ့” ဟု ပြောသည်။
ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ကရင်နီ စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ခန့် ရှိသည်ဖြစ်ရာ ယခု ၂,၀၀၀ ကျော်ခန့် ထပ်တိုးလာသောကြောင့် စစ်ဘေးရှောင်ဦးရေ ၄,၀၀၀ ကျော် ရှိပြီဟု ဆိုသည်။
စစ်ဘေးရှောင်ဦးရေမှာ အဆမတန် များလာခြင်းကြောင့် ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများနှင့် ဒေသခံ များ ဝန်ပိနေပြီး လူဦးရေနှင့် ထောက်ပံ့သည့်ပစ္စည်း အချိုးကျ ခွဲဝေမပေးနိုင်သည့် ပြဿနာနှင့် ရင်ဆိုင်နေကြရ သည်ဟု အကူအညီပေးနေသူများက ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်များထဲတွင် နာတာရှည်ရောဂါသည်များ၊ လူမမာများ၊ အသက် ၇၀ ကျော်အထက် သက် ကြီး ရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များ၊ တစ်နှစ်အောက် ကလေးများနှင့် နို့တိုက်မိခင်များ ပါဝင်နေ ပြီး အများစုကလည်း ရာသီတုတ်ကွေးဖျားနာမှု ဖြစ်နေရသည်ဟု ဆိုသည်။ သို့ဖြစ်၍ ၎င်းတို့အား ထောက်ပံ့ သည့် ဆေးပစ္စည်းနှင့် ကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းအင်အားမှာလည်း မလောက်မငှ ဖြစ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။
ဒေသတွင်းက စစ်ရှောင်များအား ကူညီနေသူ တစ်ဦးက “NGO, CSO တွေတော့ တခါတလေ လာတယ်။ ပရဟိတ အဖွဲ့တွေလည်း ကူပါတယ်။ ဒါပေမယ့် သူတို့ကူပေးတာကတော့ အခြေခံစားသောက်ဖွယ်ရာ နေရာထိုင်ခင်းတွေ ပေါ့။ အဲတာတွေလည်း လိုတော့ လိုတာပေါ့နော်။ ကျန်းမာရေးဘက်ကိုလည်း ကူပေးစေချင်တာပေါ့။ မွေးလူနာ တွေဆိုရင် ဆေးရုံမပို့နိုင်လို့ လက်သည်နဲ့ပဲ မွေးနေရတယ်။ မွေးပြီးရင်လည်း ကလေးအနှီးတွေကအစပေါ့ လို တာတွေက ပြောရရင် အများကြီးပဲ” ဟု ပြောသည်။
ပင်လောင်းမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များမှာ ကျန်းမာရေးအတွက် အရေးပေါ်ကိစ္စများ ကြုံလာပါက ပင် လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြရသော်လည်း နောက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှင့် လူ နာအင်အား မမျှတသောကြောင့် ဆေးကုသရန်ပင် ခက်ခဲနေကြသည်ဟု စစ်ရှောင်များက ပြောသည်။
ထို့ကြောင့် ၎င်းတို့ထဲမှ အရေးပါ် လူနာများကို ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ်တွင်းရှိ ဆေးရုံများသို့ ပရ ဟိတ အဖွဲ့များမှ ပို့ဆောင်ပေးနေရပြီး အလှူရှင် နည်းပါးလာသောကြောင့် ရေရှည်တွင် အခက်အခဲ ပိုများလာ နိုင် သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ကရင်နီစစ်ဘေးရှောင် အများစုမှာ ပင်လောင်းမြို့နယ်အတွင်းက နန်းပုလင်ကျေးရွာအုပ်စု၊ စင်းတောဝ်း ကျေးရွာ အုပ်စု၊ မင်းဘူးကျေးရွာအုပ်စု၊ ပင်လောင်းမြို့ပေါ် စသည့်နေရာများတွင် နေထိုင်လျက်ရှိပြီး ကယန်း၊ ပဒေါင်၊ ရှမ်း၊ ပအိုဝ်း၊ ကရင်နီ၊ အင်သား စသည့် လူမျိုးများ ပါဝင်သည်။