အုပ်ချုပ်ရေးမှူး ပိုင် KTV ဗုံးကွဲပြီးနောက် ဒေသခံ ၂၀ ကျော် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဖွင့်လှစ်ထားသည့် KTV Massage (ကာရာအိုကေနှင့် အနှိပ်ခန်း) ဗုံးခွဲ ခံရပြီးနောက် ဒေသခံ ၂၀ ကျော် ဆက်တိုက်ဖမ်းဆီးခံခဲ့ရသည်ဟု ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံများက ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်း တံတားအနီးက အုပ်ချုပ်ရေးမှူး နှင့် လုပ်ငန်းရှင်တို့ ပူးပေါင်းဖွင့်ထား သည့် “ငွေဇင်ယော် KTV Massage” (အနှိပ်ခန်း) ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များက ဒေသခံများကို ဆက်တိုက် ဖမ်းဆီးခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့ အထိ လူ ၂၀ ကျော် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ဒေသခံတစ်ဦး က “ဗုံးခွဲခံရပြီး နောက်တစ်နေ့က စပြီးတော့ လိုက်ဖမ်းတာ။ အခုထိ ပြန်မလွှတ်ပေးသေးဘူး။ နေ့တိုင်းလိုလို ဖမ်းနေတာ မနေ့ကအထိ ဖမ်းနေတုန်းပဲ။ တယောက်မှ ပြန်လွတ်မလာသေးဘူး” ဟု ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ် ရေယာဉ်အသင်း ဥက္ကဋ္ဌ နှင့် အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေ၊ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မောင်တို့ စုပေါင်း ဖွင့်လှစ်ထားသည့် ငွေဇင်ယော် KTV နှင့် Massage (အနှိပ် ခန်း) ၏ စားဖိုဆောင်ဘက်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့၊ ည ၇ နာရီဝန်းကျင် အချိန်က ဗုံးနှစ်လုံး ပေါက် ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် အဖမ်းခံထားရသူထဲများတွင် ကျေးလက်နေ တောင်သူ လယ်သမားများလည်း ပါဝင် ပြီး စစ်ကောင်စီ သတင်းပေးများ၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးနှင့် လက်ညှိးထိုးသူများအား အထောက်အထား မရှိဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဖမ်းခံရ သူများ၏ မိသားစုများ နှင့် နီးစပ်သူတစ်ဦး က “ဖေါက်ခွဲခံရတုန်းက လူမသေဘူး။ ဆိုင်နဲ့ အသုံး အဆောင် ပစ္စည်းတွေတော့ အနည်းအကျဉ်း ပျက်စီးတာရှိတယ်။ အဖမ်းခံထားရတဲ့ လူကတော့ များတယ်။ ပြန်လွှတ်ပေးတဲ့ အခါကြတော့လည်း ပိုက်ဆံက ပေးရအုန်းမယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး နှင့် လုပ်ငန်းရှင်တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် “ငွေဇင်ယော် KTV Massage” ဗုံးခွဲခံရခြင်း နှင့် ပတ်သက်၍ ဒေသခံ တော်လှန်ရေး အင်အားစုများဘက်ကလည်း နိုဝင်ဘာလ ၂၇ ရက်နေ့ အထိ သတင်း တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်းမျိုးလည်း မရှိသေးပေ။
သို့သော် အာဏာသိမ်း စစ်ကောင်စီ၏ ဝါဖြန့် သတင်းမီဒီယာအချို့ နှင့် လူမှုကွန်ရက် စာမျက်နှာ အချို့တို့တွင် အကြမ်းဖက်များက ဖေါက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်နေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ဆို သည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပေါက်ကွဲမှု (သို့မဟုတ်) ပစ်ခတ်မှုများ ဖြစ်ပွားတိုင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက တွေ့ရာလူကို ဖမ်းဆီးလေ့ရှိရာ နိုဝင်ဘာလ ပထမပတ် အတွင်းကလည်း မော်လမြိုင်ကျွန်းမြို့ က ပျူစောထီး ခေါင်းဆောင် ခင်မောင်ကြည် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် အဖမ်းခံထားရသူ ဒေသခံ ၃၀ နီးပါး ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။