တနင်္သာရီ ဝန်ကြီးချုပ်အား ထပ်တိုး ပုဒ်မများဖြင့် ထပ်မံစစ်ဆေးမည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
နှစ်ရှည်ထောင်ဒဏ် ချထားသည့် NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထပ်တိုး ပုဒ်မ နှစ်ခုနှင့် ထပ်မံ စွဲဆိုပြီး အမှုကို စတင်စစ်ဆေးတော့မည်ဟု အကျဉ်းဦးစီးဌာနတာဝန်ရှိသူများ က ပြောသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နှင့် အမူ ၂မှု ထပ်စွဲခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထားဝယ် အကျဉ်းထောင်တွင်း အထူးတရားရုံးမှာ စတင်စစ်ဆေးမည်ဟု အကျဉ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးက ပြော သည်။
အကျဉ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးက “သူ့ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပြဌာန်း ချက် တွေကို ဖောက်ဖျက်တယ်။ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲ ပေးဖို့ လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နှစ်မှုနဲ့ ထပ်ပြီးတရားစွဲဆိုလိုက်တာပါ” ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူအပြစ်ပေးနိုင်သည့် ပုဒ်မ ဖြစ် သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဖြင့် ထပ်မံ တရားစွဲဆိုပြီး စစ်ဆေးမှုများ စတင်နေခြင်း ဖြစ်သည်။
ဦးမြင့်မောင်ကို ယမန်နှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ ဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအား စည်းမျဉ်းများနှင့်အညီ သုံးစွဲခြင်းမရှိဟု စွပ်စွဲကာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံ ကြည်အပ်နှံရေး ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ်တို့ဖြင့် စုစုပေါင်း ပြစ်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပြီး ဖြစ်သည်။
ဝန်ကြီးချုပ်ဦးမြင့်မောင်သည် ကော့သောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အဂတိလိုက်စားမှုဖြင့် အရေးယူခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် နေရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ယာယီဝန်ကြီးချုပ်အဖြစ် အစား ထိုး ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီး အကျယ်ချုပ်နှင့် ထားရှိခဲ့ရာမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယခု ထပ်မံ တရားစွဲဆိုလိုက်သည့် ပုဒ်မ ၁၃၀-က မှာလည်း ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မဖြစ်ပင် ဖြစ်သည်။
နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားသည့် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အတွင်း၌ တစ်ဦးတည်း သီးသန့် တိုက်ပိတ်ထားပြီး သတင်းအချက်အလက် သိရှိခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်ခွင့်လည်း လုံလောက်စွာ မရရှိ ခြင်းကြောင့် အကျဉ်းသား အခွင့်အရေး ဆုံးရှုံးမှုများ ရှိနေသည်ဟု မကြာမှီ ရက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက ယခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် NLD အစိုးရ လက်ထက် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ အမိန့် ချမှတ်ခံထားရသူ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။