ဆိုင်ကယ် နှစ်ယောက်စီးသည့် အမျိုးသမီးများ ပစ်ခတ် ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ပခုက္ကူမြို့တွင် ဆိုင်ကယ်တစ်စီးတွင် နှစ်ယောက်စီးနင်းလာသည့် အမျိုးသမီးနှစ်ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
အခွန်လွတ် စျေးအနီးတွင် စျေးလာရောင်းသည့် စျေးသည် အမျိုးသမီးနှစ်ဦးကို စစ်တပ်က စစ်ဆေးဖို့ ရပ်ခိုင်းချိန် မရပ်ပေးခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။
ဒေသခံတစ်ဦး က “မနက် ၈ – ည ၆ အတွင်း ဆိုင်ကယ်မစီးရဆိုတော့ စျေးသည်တွေက မနက်အစော စျေးခင်း ကြတာလေ။ အခု တော့ ကမောက်ကမတွေ ဖြစ်ကုန်ရော။ အခု ဥပဒေထုတ် လျှောက်ဖမ်းပြီး ငွေတောင်းနေ တော့တာ” ဟု ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်က စျေးသည် အမျိုးသမီးနှစ်ဦး စီးလာသည့် ဆိုင်ကယ် ပစ်ခတ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးခံလိုက်ရသည့် အမျိုးသမီးနှစ်ဦး၏ အသေးစိတ်အခြေအနေကိုလည်း ယနေ့အချိန်ထိ မသိရသေးဘူးဟု နီးစပ်သူများက ပြောသည်။
ပခုက္ကူမြို့နယ် အထွေထွေအုပ်ရုံးမှ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ဆိုင်ကယ်တစ်စီးကို တစ်ယောက်တည်း စီးရန်နှင့် ညနေ ၆ နာရီမှ နံနက် ၈ နာရီ အထိ ဆိုင်ကယ်မစီးကြရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အား မလိုက်နာသည့် ပြည်သူများကို ပခုက္ကူမြို့တွင်းရှိ မြိုင်လမ်းမကြီး၊ မြို့ရှောင်လမ်း၊ ရွှေလမ်းဆုံ စသည့်နေရာများတွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ယနေ့အချိန်ထိ နံနက် ၇ နာရီခန့်မှ ည ၁၀ နာရီ အချိန်ထိ နေ့စဉ်နီးပါး ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ တပ်သားများက စောင့်၍ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင် နေသည်ဟု မြို့ခံများက ပြောသည်။
“အခုက လူကြီးလူငယ်အကုန် ကလေးက အစ မိန်းကလေးဖြစ်ဖြစ် ယောက်ကျားလေး ဖြစ်ဖြစ်၊ တစ်စီးကို တစ်ယောက်ပဲစီးရမှာ။ မစီးရင် ဖမ်းတာ” ဟု ပခုက္ကူမြို့ခံတစ်ဦး က ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့က ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးခြင်းကြောင့် ဖမ်းဆီးခံထားရသူ ဆယ်ဦးထက် မနည်းရှိခဲ့ပြီး ဒဏ်ငွေ ကျပ် ၅၀၀၀၀ မှ ၈၀၀၀၀ ကြား အထိ ပေးဆောင်ခဲ့ကြရသည်ဟု ဆိုသည်။
ပခုက္ကူမြို့တွင် လူတစ်ဦးထက်ပို၍ ဆိုင်ကယ်စီးသူများကို ဖမ်းဆီးရုံသာမက ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင် မပါသူများ၊ ဆိုင်ကယ်ဦးထုပ် မစောင်းဘဲ စီးနင်းနေသူများကိုလည်း ယာဉ်ထိန်းရဲများက ဒဏ်ငွေ ကျပ် ၅၀၀၀၀ နှင့် အထက် ဒဏ်ရိုက်နေသည်ဟု မြို့ခံပြည်သူများက ပြောသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးမှာ နေအိမ်အတွင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ မြို့တွင်းအသွားအလာများကို စစ်ဆေးခြင်း၊ အချိန်ကန့်သတ်ခြင်းနှင့် ဆိုင်ကယ်ကို နှစ်ယောက်စီးခွင့် ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။