ကလေးငယ် ၃ ဦး မိုင်းနင်းမိ၊ ဒဏ်ရာ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ရှမ်း – ကယားနယ်စပ်၊ မိုးဗြဲမြို့တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦး မိုင်းနင်းမိ၍ ဒဏ် ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ပြင် စက်တော်ရာ တောင် ကုန်း၏ မြောက်ဘက်ပိုင်း အောက်ခြေတည့်တည့်၌ မြေမြုပ်မိုင်း နင်းမိပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ် သည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBDF) မှ တာဝန်ရှိသူ တစ်ဦးက “စစ်ခွေးရဲ့ မိုင်းတွေထိတာ။ တောင်ပေါ်မှာက စစ်ခွေးတွေ တပ်စွဲထားတယ်။ စစ်ခွေးတွေရဲ့ အောက်ဘက်တစ်နေရာမှာ ကလေးတွေက ငှက်လိုက်ပစ်ရင်းနဲ့ မိုင်းနင်းမိသွားတာ” ဟု ပြောသည်။

ကလေးငယ်များ မိုင်းနင်းမိသည့် စက်တော်ရာ တောင်ကုန်း၏ မြောက်ဘက်ပိုင်း အောက်ခြေ နေရာတဝိုက်သည် စစ်ကောင်စီတပ်သားများ သွားလာခဲ့သည့်နေရာဖြစ်သောကြောင့် ယခုနင်းမိသည့် မြေမြုပ်မိုင်းမှာ စစ်တပ်က ထောင်ထားသည့် မိုင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့သည့် ကလေးငယ်များမှာ အသက် ၁၅ နှစ်အရွယ် တစ်ဦးနှင့် အသက် ၁၂ နှစ် အရွယ် ၂ ဦး ဖြစ်ပြီး မိုးဗြဲမြို့ပေါ်တွင် နေထိုင်ကြသူများ ဖြစ်သည်။

၎င်းတို့ထဲမှ အသက် ၁၅ နှစ်အရွယ် ကလေးငယ်မှာ ဦးခေါင်းတွင် ထိမှန်ထားသောကြောင့် ယခုအထိ သတိမရ သေးဘဲ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

သို့သော် အခြား ကလေးငယ် ၂ ဦးမှာ ခြေသလုံး ရှပ်ထိဒဏ်ရာများ ဖြစ်သည့်အတွက် မစိုးရိမ်ရဘူးဟု MBDF ဆေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

MBDF ဆေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ဒဏ်ရာ အခြေအနေကတော့ ကလေးနှစ်ယောက်က သိပ် မစိုးရိမ်ရ ဘူး။ ခေါင်းထိတစ်ယောက်ကတော့ စိုးရိမ်ရတယ်။ လောလောဆယ် ကုသနေတုန်းပေါ့နော်။ လုံခြုံတဲ့ တစ်နေ ရာမှာ ကုသပေးနေတယ်ပေါ့။ ဘယ်မှာလဲ ဆိုတာကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် ပြောပြလို့မရဘူး” ဟု ပြောသည်။

မိုးဗြဲမြို့ထဲရှိ ရပ်ကွက်များအတွင်းက လူနေအိမ်များ၊ နေရာအချို့နှင့် မြို့ပြင် စက်တော်ရာတောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်သားများမှ စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲပြီးဆုံးသည့် အချိန်မှစ၍ ယနေ့ အချိန် ထိ ကင်းပုန်းများချကာ တပ်စွဲထားပြီး မြေမြုပ်မိုင်းများပါ ထောင်ထားသောကြောင့် ထိုနေရာများအတွင်း ဖြတ် သန်းသွားလာခြင်း မပြုရန် MBDF က မကြာခဏ သတိပေးနေရသည်ဟု ဆိုသည်။

ထို့အပြင် ည ၇ နာရီ မှ နံနက် ၇ နာရီအတွင်း ထိုနေရာများအား ဖြတ်သန်းသွားလာမှု မပြုကြရန်နှင့် မဖြစ်မနေ ဖြတ်သန်းရမည် ဆိုပါကလည်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်စုများထံ အကြောင်းကြားပြီးမှသာ သွားလာကြ ရန် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ထပ်မံသတိပေးထားသည်ဟု မိုးဗြဲ ပြည်သူ့ကာကွယ် ရေးတပ် (MBDF) မှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ၎င်းတို့ထောင်ထား သော မြေမြုပ်မိုင်းများကြောင့် ထိခိုက် ဒဏ်ရာရရှိသူ အရပ်သား ၃၅ ဦး ထက် မနည်းရှိပြီး ၄ ဦးသေဆုံးခဲ့သည် ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ ထိုထိခိုက်ဒဏ်ရာ ရရှိသူများအနက် ၁၈ နှစ်အောက် ကလေး ငယ် ၆ ဦးပါဝင်ပြီး တစ်ဦးမှာ သေဆုံးသွားသည်။