PDF ဖမ်းထားသည့် ဗိုလ်မှူး တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။

ထားဝယ်-ပုလောသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသည့် စစ်ကောင်စီဗိုလ်မှူးတစ်ဦး သေဆုံးသွားသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-ပုလော သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဘုတ်တောင် အနီး ပြီးခဲ့သည့် ရက်ပိုင်းက အရပ်ဝတ်ဖြင့် စစ်ကောင်စီဗိုလ်မှူးတစ်ဦး PDF များ အဖမ်းခံရပြီး နောက် သေဆုံး သွားခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတဦးက “သူ့ကို မသင်္ကာလို့ စစ်ဆေးလိုက်တာပါ။ စကားပြောပုံ အမူ အယာ ပျက်နေတယ်။ အရပ်ဝတ်နဲ့ပါပဲ၊ သူ့ပစ္စည်းတွေ ရှာကြည့်မှ ဝှက်ထားတဲ့ ကိုယ်ပိုင်နံပတ်နဲ့ ကတ်ပြားတွေ့ ပြီး အရာရှိမှန်းသိရတာ” ဟု ပြောသည်။

ဗိုလ်မှူးဝင်းဌေးနိုင်အား ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်း၌ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်း ဖြစ်သည်ဟု PDF ဘက်မှ ပြောဆိုထားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့၊ ည ၇နာရီခန့်တွင် ပုလော မှ ထားဝယ်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို သရက်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တားဆီးစစ်ဆေးရာ အရပ်ဝတ်နှင့် လိုက်ပါလာသည့် အရာရှိကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူမှာ တပ်မတော် (ကြည်း) တပ်က ဗိုလ်မှူးဝင်းဌေးနိုင် ကိုယ်ပိုင်အမှတ် – ၃၅၃၆၆ ဆိုသူဖြစ်ပြီး ပုလောတပ်ရင်းမှ ထားဝယ်တပ်ရင်းဖက်သို့ တာဝန်ပြောင်းရွှေ့ရန် ခရီးသွားလာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကားပေါ်တွင် လိုက်ပါလာသည့် ကျန်ခရီးသည်များကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကားနှင့်အတူ ပြန်လွှတ် ပေးခဲ့ပြီး အဆိုပါ ဗိုလ်မှူးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခဲ့ နောက်ပိုင်း သေဆုံးသွား သည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ထားဝယ်-မြိတ် သွား ပြည်ထောင်စု ကားလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားလျှက်ရှိခြင်းကြောင့် ခရီးသွား ပြည်သူများ အနေဖြင့် ၎င်းလမ်းမကြီးအား ည ၆ နာရီ မှ နံနက် ၄ နာရီ အချိန်ထိ ဖြတ်သန်းသွားလာခြင်း မပြုကြရန် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

အဆိုပါ မေတ္တာရပ်ခံချက်ကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့မှစတင်၍ ရက်အကန့် အသတ်မရှိ ည ၆ နာရီမှ နံနက် ၄ နာရီအချိန်ထိ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် သတိပေးထားခြင်း ဖြစ် သည်။