မီးဖြတ်မှုများ လုပ်ဆောင်သည် ဆိုသော လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။
ကျိုက်ထိုမြို့နယ်က မီတာမဆောင်သော အိမ်များအား မီးလိုက်ဖြတ်သည့် လျှပ်စစ်အင်ဂျင်နီယာ တစ်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ခြံဝင်းအတွင်း ပစ်သတ်ခံရရသည်ဟု ဒေသခံများက ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း (ခ) ရှမ်းလေးသည် နိုဝင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ကျိုက်ထိုမြို့ခံတစ်ဦးက ”ရှမ်းလေး ပစ်သတ်ခံရတဲ့ နေရာက မြို့နယ်မှူးခြံဝင်းထဲမှာ။ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတယ်။ ၅ ချက်ပစ်သွားတယ်။ အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ပြောသည်။
မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းသည် ကျိုက်ထိုမြို့၊ ကျိုက်ပေါလော ဘုရားလမ်းနှင့် ကံ့ကော် လမ်းမကြီးတောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ခြံဝင်းအတွင်း သေနတ်သမားများက ဆိုင်ကယ်ဖြင့် လာရောက်ကာ ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ဟု ဒေသခံများက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာသည် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းသည် ကျိုက်ထိုမြို့နယ်အတွင်းက မီတာခမဆောင်သည့် နေ အိမ်များနှင့် ကျေးရွာများကို မီးလိုက်ဖျက်ခြင်း၊ မီတာခဆောင်ရန် ခြိမ်းခြောက်ခြင်းများကို အဓိက လုပ်ဆောင် နေသူတစ်ဦးဖြစ်သည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။
လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း အပေါ် ပြောဆိုထားချက်များနှင့် ပတ်သက်၍ သတင်းနှင့်မီဒီယာ ကွန် ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံရသည့် ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ကျိုက်ထိုမြို့ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ တင်းကြပ်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။
လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း ပစ်သတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမှ လည်း ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
သို့သော် ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးကိုလည်း ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏ ဗုံးဖောက်ခွဲ သတိပေးလေ့ရှိသည်။