သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။

စစ်ကောင်စီသတင်းပေး ဒလန်ဟု စွပ်စွဲ ခံရသည့် အမျိုးသားတစ်ဦး သာစည်ရှိ နေအိမ်တွင်ပင် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကျွဲဒတ်ကျေးရွာအုပ်စု၊ ကျောက်ပချုပ်ကျေးရွာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့၊ ည ၇ နာရီဝန်း ကျင် အချိန်၌ စစ်ကောင်စီ သတင်းပေးဆိုသူ အသက် ၅၀ အရွယ် ဦးသန်းစိုး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ရွာခံပြည်သူများက ပြောသည်။

အသက် ၃၀ အရွယ် ကျောက်ပချုပ်ရွာခံ အမျိုးသားတစ်ဦးက “သေသွားတော့လည်း အေးတာပဲ။ သူသတင်းပေး လို့ ဖမ်းခံရတာတွေ၊ အိမ်မီးရှို့ခံရတာတွေမှ မနည်းတာ။ အရင် ကတည်းကလည်း ဒလန် ဆက်မလုပ်ဖို့ နှစ်ကြိမ် သတိပေးပြီးပြီလို့ ကြားတယ်။ နားမထောင်တော့ ရှောသွားတာ ပဲ” ဟု ပြောသည်။

ဦးသန်းစိုးမှာ ၎င်း၏နေအိမ်၌ပင် ပစ္စတို သေနတ်ဖြင့် ၃ ချက်တိတိ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။ သို့သော် လာရောက်ပစ်ခတ်သူမှာ ကျန်သည့် မိသားစုဝင်များ ကို တစ်စုံတစ်ရာ အန္တရာယ်မပြုခဲ့ဘူးဟု ရွာခံများက ပြောသည်။

“မြင်လိုက်တဲ့ သူတွေကတော့ ယောက်ကျားလေး တစ်ယောက်ထဲ ဆိုင်ကယ်နဲ့လာတယ်။ အိမ်ပေါ်တက်ပစ်ပြီး ချက်ချင်း မောင်းပြေးသွားတယ်လို့ ပြောတယ်။ Mask နဲ့ ဆိုတော့ ဘယ်သူမှန်း မသိလိုက်ဘူးတဲ့။ မြင်လိုက်တဲ့ သူတွေကတော့ ရဲခေါ်စစ်မှာစိုးလို့ ရှောင်နေကြတယ်” ဟု ကျောက်ပချုပ်ရွာခံ အမျိုးသားတစ်ဦးက ဆက် ပြော သည်။

ကျောက်ပချုပ်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ် ၆ လုံးထက် မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီး ၅ ဦးကိုလည်း ရိုက်နှက် စစ်ဆေးခဲ့ဖူးကြောင်း ရွာသားများ က ပြောသည်။

အဆိုပါဖြစ်စဉ်များမှာ စစ်ကောင်စီ သတင်းပေး ဦးသန်းစိုးက သတင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရွာခံပြည် သူများက ပြောသည်။ ထို့အပြင် ကျေးရွာအတွင်း ၎င်းနှင့် မတည့်သူများကိုလည်း NUG၊ PDF တို့ကို ထောက်ပံ့သူ ဟု စွပ်စွဲကာ စစ်ကောင်စီတပ်အား သတင်းပေးပြီး ဖမ်းဆီးခိုင်းလေ့ရှိသည်ဟု ဆိုသည်။

ဦးသန်းစိုး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ဒေသတွင်းရှိ PDF အဖွဲ့များက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေး သော်လည်း PDF အဖွဲ့တစ်ဖွဲ့ ဖွဲ့၏ လက်ချက်သာ ဖြစ်နိုင်သည်ဟု ရွာခံများက ခန့်မှန်းပြောဆိုနေကြသည်။

ကျောက်ပချုပ်ကျေးရွာသည် သာစည်မြို့နယ်တွင်း၌ တည်ရှိသော်လည်း ရွာငံမြို့နယ်နှင့် ထိစပ်နေသောကြောင့် ရွာငံ PDF တပ်ဖွဲ့ဝင်များ မကြာခဏ စစ်ရေးလှုပ်ရှားကြသည့် ဒေသလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ် ၃ လတာ ကာလအတွင်း ကျောက်ပချုပ်ကျေးရွာတွင် PDF နှင့် စစ်ကောင်စီ တပ်ဖွဲ့ တို့အကြား ၅ ကြိမ်ထက် မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး သာစည်နှင့် ရွာငံ ဒေသခံ ၁၀၀၀ ကျော်ခန့် စစ်ဘေးရှောင်ခဲ့ ကြရသည်ဟု ဒေသခံများက ပြောသည်။