PDF များကို ထောက်ပံ့သည်ဆိုကာ ဖမ်းခံရသော လူငယ်အလောင်းကို ပုပ်ပွလျက် ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။
မြိတ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ ရသူ လူငယ်တစ်ဦး၏ ရုပ်အလောင်းကို နှစ်ပတ်အကြာတွင် ပြန်တွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြိတ်ခရိုင် မြိတ်မြို့၊ တုံးဗျောကျေးရွာအုပ်စုရှိ တုံးဗျောကြီးကျေးရွာမှ ပြီးခဲ့သည့် ၂ပတ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရသည့် လူငယ်တစ်ဦး၏ ပုပ်ပွနေသည့် အလောင်းကို ဥယျာဉ်ခြံတစ်ခြံ အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“စဖမ်းတုန်းက လက်ပြန်ကြိုး တုပ်ထားပြီး ခေါင်းနဲ့ရင်ဝကို သေနတ်ဒင်နဲ့ ထောင်းတယ်။ မြင်ရက်စရာ မကောင်း ဘူး။ ရိုက်နှက်ပြီး ဖမ်းခေါ်သွားတာ။ အခု အလောင်းပြန်တွေ့တော့ အလောင်းက ပုပ်တောင်ပုပ် နေပြီ“ ဟု မျက်မြင်တွေ့ရှိခဲ့ရသည့် အသက် ၃၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
တုံးဗျောကြီးရွာသား ဖြစ်သူ မောင်ချို (ခေါ်) စောဆေးနေမူး အသက် ၂၇ နှစ်ကို PDF များအား ထောက်ပံ့နေသည် ဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးက နိုဝင်ဘာလ ၁၅ ရက်နေ့က ၎င်း၏ နေအိမ်တွင် ဝင်ရောက်ကာ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရပြီး နှစ်ပတ်အကြာ နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ဥယျာဉ်ခြံတစ်ခြံအတွင်း ဒေသခံများ အလုပ်သွားလုပ်ရာမှ ပုပ်ပွနေသည့် အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည် ဟု ဒေသခံများကပြောသည်။
မောင်ချို (ခေါ်) စောဆေးနေမူးသည် ဆေးဝါးကျွမ်းကျင် တက်ရောက်ထားသည့် လူငယ်တစ်ဦးလည်း ဖြစ်သည်။
မောင်ချို စတင်အဖမ်းခံရသည့် နေ့မှစ၍ ၎င်း၏ မိသားစုဝင်များအပြင် ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများ
က လည်း စစ်ကောင်စီတပ်၏ လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်နေကြရ သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း တုံးဗျောငယ်ကျေးရွာ၏ စစ်ကောင်စီတပ် ကင်းစခန်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ နှစ် ဘက်ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဒု-အရာခံ ဗိုလ်တစ်ဦးနှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ကာ စစ်သား ၅ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။
တုံးဗျောကြီးကျေးရွာသည် မြိတ်မြို့မှ ၂၈ မိုင်ခန့်သာ ကွာဝေးပြီး မြိတ်၊ တနင်္သာရီ၊ ကော့သောင်းမြို့များသို့ သွား သည့် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိသည်။
အဆိုပါ တုံးဗျောကြီးကျေးရွာသည် အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး လယ်ယာနှင့် ဥယျဉ်ခြံစိုက်ပျိုးရေး လုပ်ငန်း များ အဓိက လုပ်ကိုင်ကြပြီး ပျူစောထီးများ အင်အားကောင်းသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။