အလောင်းကောက်လာသော စစ်ကောင်စီ ကား ၂ စီး မိုင်းဆွဲ တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် သေဆုံးသွားခဲ့သော စစ်ကောင်စီ ဗိုလ်မှူးဝင်းဌေးနိုင်၏ အလောင်းကို လာ ရောက် ကောက်ယူခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၏ ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။
ဘုတ်တောင်ဘက်မှ သရက်ချောင်းဘက်သို့ အလောင်း သယ်ယူ လာသည့် စစ်ကား၂ စီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာအနီး ဝဲရစ်ကျေးရွာနှင့် ကမြိုင်ကျေးရွာအကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် စောင့် ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ “ဂျိမ်းဆိုတဲ့ ပေါက်ကွဲသံ ၃ ချက် ဆက်တိုက် ကြားရပြီးတာနဲ့ သေနတ်ပစ်သံတွေပါ ကြားရတယ်။ အလောင်းကောက်ပြီး အပြန်မှ ဖြစ်တာလို့သိရတယ်” ဟု အသက် ၄၀ ခန့်အရွယ် ဝဲရစ်ရွာသား တစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့က ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် အရပ်ဝတ်ဖြင့် ခရီးသည် အယောင်ဆောင် ကာ လိုက်ပါလာသည့် စစ်ကောင်စီ ဗိုလ်မှူးဝင်းဌေးနိုင် ကို ကစယ်ဒို ဖယ်ဒရယ်စစ်ကြောင်းက စစ်ဆေး ဖမ်းဆီးခေါ် ဆောင်သွားပြီးနောက် လမ်းတွင် ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
၎င်း၏ အလောင်းကို လာယူသည့် စစ်ကောင်စီ၏ ကား ၂စီး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုမိုင်းဆွဲတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖြစ်ကြသည့် ကျားရိုင်းတပ်ဖွဲ့၊ ပုတီး တစ်လုံး ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့ နှင့် အဖြူရောင်ရိန်းဂျား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပုတီးတစ်လုံးတပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ် ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မိုင်း ၃ လုံးအသုံးပြု၍ ဖေါက်ခွဲခဲ့ခြင်းဖြစ်ရာ တိုက်ခိုက်ခံရပြီးနောက် နှစ်ဘက် အပြန် အလှန် ၁၀ မိနစ် နီးပါးခန့် ပစ်ခတ်မှု ဖြစ်ပွားသေးခဲ့သည်ဟု ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။
မိုင်းဆွဲခံရမှုကြောင့် စစ်သား ၄ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ဒဏ်ရာ ရရှိသူ ၅ဦးခန့်ရှိခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့များ ဘက်တွင် ထိခိုက်ဒဏ်ရာရသူ မရှိပဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ယူလာသည့် စစ်ကောင်စီ ဗိုလ်မှူးဝင်းဌေးနိုင်၏ အလောင်းကို သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် အနီးရှိ သင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများက ဆိုသည်။