မကွေးတိုင်းအတွင်း မောင်းပြန် ရိုင်ဖယ် ၂ လက် ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ကားဂိတ်တစ်ခုတွင် မှန်လုံကားငယ် တစ်စီးအတွင်းမှ မောင်းပြန်ရိုင်ဖယ် သေနတ်၂ လက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာ ကားဂိတ်တွင် မင်းတုန်းမြို့နှင့် ပြည်မြို့တို့ကို ပြေးဆွဲသည့် ဘုမ္မဝတီယာဉ်လိုင်းမှ Hyundai Starex အမျိုးအစား မှန်လုံကားငယ် ပေါ်တွင် လျို့ဝှက်သယ်ယူလာသည်ဟု ဆိုသော လက်နက် ခဲ့ယမ်းများ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”သတင်းအတိအကျ ရတယ်ထင်တယ်။ မင်းတုန်းက စစ်သားနဲ့ ရဲတွေရော ကံမမြို့က စစ်သားနဲ့ ရဲတွေရော မဲဇ လီ ကားဂိတ်မှာ ၂ ဘက် ညှပ်ပြီး ကားကို ဖမ်းတာ။ ပစ္စည်းတွေ့တော့ လူတွေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်မှာစိုးလို့ မွှေး ကြိုင်ကွေ့ အထိ မောင်းခိုင်းပြီး အဲဒီကို ရောက်မှ ပစ္စည်းကို ဖွင့်စစ်တာ။ အဲမှာ သေနတ်တွေ့တာဘဲ” ဟု မဲဇလီကျေးရွာသား တစ်ဦး က ပြောသည်။

ဘုမ္မဝတီယာဉ်လိုင်းမှ Hyundai Starex အမျိုးအစား မှန်လုံကားငယ်သည် ပြည်မြို့မှ ခရီးသယ်များ တင်ဆောင် ကာ ပုသိမ်-မုံရွာ လမ်းအတိုင်း မင်းတုန်းမြို့သို့ ပြန်အလာ မဲဇလီကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း က အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မှန်လုံကားပေါ်တွင် ပါလာသည့် Air con-လေအေးပေးစက် (Air Compressor) လေအိုးထဲတွင် ဝှက်ယူလာသည့် M4 အမျိုးအစား သေ နတ် ၁ လက်၊ M16 သေနတ် ၁ လက် တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆပ်စပ်ပစ္စည်းများ ဖြစ်သည့် M16 သေနတ်ကျည်အိမ် ၈ ခု၊ လက်မောင်းတံဆိပ် ၂၀၀၊ ရင်ထိုးတံဆိပ် ၁၀၀၊ ကပ်ခွာတံဆိပ် ၃ လိပ်၊ ဒရုန်းကင်မရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၆ ခုတို့ ပါဝင်သည်ဟု အုပ်ချုပ် ရေး အဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ အချိန်တွင် ပိုင်ရှင်မှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးသော်လည်း ယာဉ်မောင်းဖြစ်သူ ကိုရန်နောင် ထွန်း နှင့် ယာဉ်နောက်လိုက် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းစီး စစ်ဆေးမှုများ လုပ်ဆောင် နေသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများ က ပြောသည်။

မင်းတုန်းမြို့နယ်ထဲတွင် လက်နက်သယ်ယူလာစဉ် ဖမ်းမိသည့် ဖြစ်စဉ်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ပြီး အခြားဒေသများတွင် မင်းတုန်းဒေသသားများ လက်နက်များဖြင့် အဖမ်းခံရသည့် ဖြစ်စဉ်အချို့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက ပဒါန်းမြို့တွင် ဖြစ်ခဲ့ဘူးသည်ဟု ဒေသခံများက ပြောသည်။