ဘီးလင်း ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။

ဘီးလင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး လမ်းပေါ်တွင် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဖုန်းမြင့်ကျော်သည် အင်ဖလောင်းကျေးရွာသို့ ချဲထီဖိုးသွားကောက်ခံစဥ် သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်လာပြီး အနောက်ကနေ အနီးကပ်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သူက အင်ဖလောင်းရွာဘက်ကို ချဲဖိုးသွားကောက်တဲ့အချိန်မှာ သေနတ်သမားတွေက လူနှစ်ယောက်က အနောက်ကနေ အနီးကပ် ပစ်သွားတာ၊ သေနတ်သမားက နှစ်ယောက်ပါ ဆိုင်ကယ်နဲ့လာတာပါ” ဟု တောင်စွန်း ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုမှာ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဖုန်းမြင့်ကျော်၏ ရင်ဘက်နှင့် ဦးခေါင်းတွင် ကျည်ထိမှန် ဒဏ်ရာရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်နေစဥ် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်ကျော်သည် တောင် စွန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့်အပြင် ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။

ဦးဖုန်းမြင့်ကျော် ပစ်သတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားခြင်း မရှိသေး ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်း၌ နိုင်ငံရေးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် နှင့် နီးစပ်သူများ မကြာခဏ ပစ်သတ်ရှင်းလင်းခံရလေ့ရှိသည်။