ထားဝယ်ထောင်အတွင်း ထောင်ဒဏ် ၄၁ နှစ် အကျဉ်းသားကို နောက်ထိုးထောင်ဒဏ် ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
ထားဝယ်အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၄၁ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား တစ် ဦးကို ထောင်ဒဏ်ထပ်တိုးလိုက်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်း အသက် ၂၅ နှစ်ကို ဒီဇင်ဘာ ၁ ရက်နေ့က လူသတ်မှု၊ အားပေးကူညီမှု၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၁၄၄ ဖြင့် ထားဝယ်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၇ နှစ် ထပ်ပေါင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဆွေမျိုးတော်စပ်သူတစ်ဦးက “လက်ရှိတော့ သူ့မှာ နောက်ထပ် တရားရင်ဆိုင်စရာ အမိန့်ထပ်ချစရာ မရှိတော့ ဘူးလို့ သိရတယ်။ တပ်အပ်တော့ ပြောလို့မရသေးဘူး။ သူတို့လက်ထဲမှာဆိုတော့ကံတရားပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုရာဇာထွန်းကို ၂၀၂၁ စက်တင်ဘာလအတွင်း ဥတ္တရံရပ်ကွက်ရှိ ၎င်း၏နေ
အိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၈ ခု ထက်မနည်းဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
ထို့သို့ တရားစွဲဆိုခံခဲ့ရပြီးနောက် ထောင်ဒဏ် ၂၁ နှစ် ကနဦး အမိန့်ချမှတ်ခဲ့သည့်အပြင် နေအိမ်ကိုလည်း ချိပ်ပိတ် ခံထားရသူဖြစ်သည်။
ထို့အပြင် ကိုရာဇာထွန်းကို အောက်တိုဘာလ အတွင်းကလည်း ပုဒ်မ ၅၀-ည၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/ ၃၂ တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ၍ အမိန့်ချမှတ် ခံလိုက်ရသည့်အတွက် ယခင်ကျခံထားရ သည့် ထောင်ဒဏ်နှင့်ပေါင်းပါက ၄၁ နှစ် အပြင် ယခုနောက်ဆုံး ၇ နှစ်ဖြင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၄၈ နှစ် ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ကိုရာဇာထွန်းဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် သေဆုံး သွားပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ ရာ မိသားစုဝင်များက စိုးရိမ်ပူပန်ခဲ့ကြရသေးသည်ဟု ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများအဖြစ် ထားဝယ်အကျဉ်းထောင်အတွင်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရသူ သောကြာပြင်ကျေးရွာသား ၂ ဦးပြီးလျှင် ကိုရာဇာထွန်းမှာ ထောင်ဒဏ် နှစ် အရေအတွက် အများဆုံး အမိန့်ချ ခံထားရသူဖြစ်သည်ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။
ထားဝယ်အကျဉ်းထောင် အတွင်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် နှင့် အကျဉ်းသူ ၄၀ ကျော် ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်ခံထားရသည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။