ထိုင်းနယ်စပ်လမ်းပေါ်တွင် စစ်ကောင်စီ ကား ၂ စီး တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။

ထားဝယ်မှ ထိုင်းနယ်စပ်သို့ ဖောက်လုပ်ထားသော ထားဝယ်-ထီးခီးလမ်းမကြီးပေါ်တွင် စစ်ကောင်စီကား ၂ စီးတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ၃ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူ အများအပြားရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ထားဝယ်-ထီးခီးသွား လမ်းမကြီးပေါ်ရှိ ဝကုန်းကျေးရွာအနီး လမ်းပိုင်း တစ်နေရာဖြစ်သည့် ဒွေးညီနောင်တွင် စစ်ကောင်စီကား ၂ စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ခြုံခိုတိုက်ခိုက်ကြခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု DEF – PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သည့် DEF-PDF၊ သံမဏိ ပြောက် ကျားတပ်ဖွဲ့(နဘယံ)၊ ကော်သူးလေးအာမီ တပ်ခွဲ (၃) နှင့် တပ်ခွဲ (၆)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု DEF-PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“လက်နက်ကြီး ပစ်သံ တဂျိမ်းဂျိမ်းနဲ့ သေနတ်သံတွေ ကြားတာနဲ့ ရွာသားတွေက ထုံးစံအတိုင်း တောတောင်တွေ ထဲ ရှောင်တိမ်းပြေးကြရတာ။ ဝကုန်းနဲ့ သင်္ကန်းတုံး ရွာတွေထဲမှာ စစ်တပ်က ဝင်မွှေပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေ ခိုးယူသွားကြသေးတယ်” ဟု အသက် ၅၀ အရွယ် ဝကုန်းရွာသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့၊ ညနေ ၆ နာရီခန့်က ကျောက်မဲတောင်ကျေးရွာမှ ထားဝယ်ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်လိုက်ပါကာ မောင်းနှင်လာသည့် စစ်ကား ၂ စီးကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်များက မိနစ် ၂၀ ခန့် အကြာ ခြုံခိုစောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများရရှိ သွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိပဲ ပြန်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု DEF-PDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက နေရာ ၂ နေရာခွဲ၍ စောင့်ကြိုကာ ၄၀ မမ လက်နက်ကြီး များ ဆက်တိုက်အသုံးပြုကာ ခြိုခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ အထိနာကာ ရှေ့ဆက်မသွားနိုင်ဘဲ ထိုနေရာမှ ပြန်လည် ဆုတ်ခွာသွားကြသည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

အရှေ့တောဒေသ အတွင်းရှိ ထားဝယ်-ထီးခီးသွား လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီ ယာဥ်တန်းများနှင့် ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းများနှင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင် လေ့ရှိ သည်။

ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် နှစ်ဖက်ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။