အုပ်ချုပ်ရေးမှူး အိမ်ဗုံးကွဲပြီး ဒေသခံ ၄၀ ကျော် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
မြိတ်ခရိုင်အတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး၏ နေအိမ် ဗုံးခွဲခံရပြီးသည့်နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေသခံ အယောက် ၄၀ ထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြော သည်။
ပုလောမြို့နယ် ပလမြို့နယ်ခွဲရှိ ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးခွဲခံရပြီး နေ့စဉ်ရက်ဆက် ဒေသခံများ ၄၀ ကျော် ဖမ်းဆီးခဲ့ပြီးနောက် အချို့ကို ပလမြို့ ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်ထားပြီး ၁၄ ဦးကို မြိတ်မြို့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပို့ လိုက်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးနေမှုများကြောင့် ပလမြို့ပေါ် နှင့် အနီးတဝိုက်ကျေးရွာများက အိမ်ထောင်စု ၄၀၀ ကျော် ခန့်မှာ နီးစပ်ရာ တောတောင်များနှင့် မြိတ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသူ အသက် ၄၅ နှစ် အ ရွယ်ဒေသခံတစ်ဦးက “သူတို့က နာမည်စာရင်းစာရွက်နဲ့ကို အသေအချာ လိုက်ဖမ်းနေတာ။ ထွက်ပြေးနေရတာ တပတ်ကျော်ပြီ။ ပြန်သွား မနေရဲတော့ဘူး။ ဖမ်းမိတဲ့သူ တွေဆို မျက်နှာကို အဝတ်အမည်းနဲ့ အုပ်စည်းလိုက်တာ။ ပြီးတော့ ငွေနဲ့ ထုတ် ခိုင်းသေးတယ်။ သိန်း ၅၀၊ သိန်း ၁၀၀ တောင်းတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပလမြို့ အမှတ်-၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျင်ရှိန် ဆိုသူ၏ နေအိမ် ဗုံးခွဲခံရပြီးသည့် နေ့မှစတင်ကာ သက်သေ အထောက်အထား တစ်စုံတစ်ရာမရှိပဲ PDF များကို ထောက်ပံ့နေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဒေသခံပြည်သူများကို စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများထဲတွင် ငွေကြေးရှိသူ သက်ကြီးပိုင်း ၄ ဦးခန့်သာ ပြန်လည်လွတ်မြောက်ခဲ့ပြီး လွတ်မြောက် လာသူများမှာလည်း ငွေကြေးပေးခဲ့ရသူများ ရှိသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ လွတ်မြောက်လာသူ အချို့ရှိသော်လည်း အယောက် ၂၀ ခန့်မှာ ယနေ့အချိန်ထိ ရဲစခန်းအချုပ်ခန်းအတွင်း ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံထားရသူများထဲမှ ဒေသခံ ၁၄ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့က မြိတ်မြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။
ထို့အပြင် ပလမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများက ထွက်ပြေး တိမ်းရှောင်နေသူများကိုလည်း နေအိမ်များသို့ ပြန်လာနေထိုင်ခြင်း မရှိပါက အိမ်များကို မီးရှို့ဖျက်ဆီးကာ ချိပ်ပိတ်ပစ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များက လိုက်လံကြေညာကာ ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ် အတွင်းရှိ ပလမြို့နယ်ခွဲတွင် ၂၀၂၀ ခုနှစ် ထွေအုပ်စာရင်းအရ လူဦးရေ တစ်သောင်း ကျော်ခန့် ရှိပြီး လူနေအိမ်ခြေ ၁၈၀၀ ကျော်ခန့်ရှိသည်။