မုဒုံ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။

မုဒုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေး ရုံးတွင် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာရသည်ဟု မြို့ခံများက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ – ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ရုံးအတွင်းရှိ စာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် အရပ်သား နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ် သည်။

”ပေါက်ကွဲမှုဖြစ်တာက ၁၀ နာရီခွဲ ၁၁ နာရီဝန်းကျင်မှာ ဖြစ်တယ်။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ လူ ၄ ဦး ထိသွားတယ်လို့ သိရတယ်။ နှစ်ယောက်ကတော့ ရပ်ကွက်ရုံးကလူတွေ ကျန်နှစ်ယောက် ကတော့ ရပ်ကွက် က လူတွေ” ဟု မြို့မ – ၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သားနှစ်ဦးမှာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖုန်းအားလာသွင်းရာမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်နှင့် တိုက်ဆိုင်ကာ ထိမှန် ဒဏ်ရာရသွားခြင်း ဖြစ်သည်ဟုလည်း ရပ်နေသူအချို့က ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် စာရေး၊ ရာအိမ်မှူးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၃ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး ကျန်အရပ်သားတစ်ဦးမှာမူ မုဒုံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြို့မ – ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင် များ က အနီးအနား ပတ်ဝန်းကျင်ရှိ လူများကို ခေါ်ယူစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

”ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်တပ်တွေ ရဲတွေက သိပ်မကြာဘူးနော် အကုန် ရောက်လာတယ်။ အဲ့ဒီ ပတ်ဝန်း ကျင်က လူတွေကို ခေါ်စစ်နေတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မုဒုံ မြို့မ – ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ထက် မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမျိုး မရှိခဲ့ဘူးဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ယခုအကြိမ် ပေါက်ကွဲမှုအတွင်း ထိမှန်ဒဏ်ရာ ရရှိမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ပြောသည်။

သို့သော် ယခုအကြိမ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ ယနေ့ ညနေပိုင်းအချိန်ထိ မသိရသေးဘူးဟု ဆိုသည်။