မုံရွာ ရဲစခန်း နေရာကြပ်လွန်းဟု နိုင်ကျဉ်း မိသားစုများပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းရှိ အချုပ်ခန်းတွင် ရှိနေသည့် အကျဉ်းသား အယောက် ၁၀၀ ကျော်အား ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ ယနေ့အချိန်ထိ ၉ ပေ ပတ်လည် အခန်းတစ်ခန်းစီတွင် အယောက် ၃၀ ခန့် နေထိုင်ခိုင်းထားသည်ဟု မိသားစုဝင်များက ပြောသည်။
“အရင်ကတော့ တစ်ခန်းကို ၅ ယောက်၊ ၁၀ ယောက်ထားတယ်ပေါ့။ အခုတော့ သူတို့ ပုဒ်မအမျိုးမျိုးတပ် ဖမ်း တာနဲ့ အချုပ်သားက များလာတဲ့အခါကြတော့ ပြွတ်သိပ် ထည့်ထားကြတာ။ အိပ်ရင်လည်း ခြေထောက်တွေ ဆန့် လို့မရဘူး။ အရင်က ထမင်းတွေဘာတွေ ပို့ရင် တန်းရောက်တယ်။ အခုတော့ ပို့တာတွေ သူတို့ဆီ မရောက် ဘူးတဲ့” ဟု အကျဉ်းသားတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။
အကျဉ်းသားများသည် ၉ ပေပတ်လည် အချုပ်ခန်းတစ်ခုအတွင်း အယောက် ၃၀ ခန့်စီ နေထိုင်ကြရသောကြောင့် အသက်ရှုကြပ်ခြင်း၊ မူးမေ့လဲခြင်း၊ နှလုံးအမောဖောက်ခြင်း၊ အရေပြားယားယံပြီး ဝဲများ ပေါက်လာခြင်း စသည့် ဝေဒနာများ ခံစားနေကြရသည်ဟုလည်း မိသားစုဝင်အချို့က အတည်ပြုပြောသည်။
ထို့အပြင် အဆိုပါ ဝေဒနာများ ခံစားနေရသည့် အကျဉ်းသားများကိုလည်း ဆေးကုသခွင့်မပေးဘူးဟု မိသားစုဝင် များက ပြောသည်။
မိသားစုဝင်တစ်ဦးက “စားတာလည်း ဒီနေရာ ချီးပါ သေးပေါက်လည်း ဒီနေရာဆိုတော့ အသက်ရှုကြပ်တာတွေ အနံ့အသက် မကောင်း တော့ မူးတာတွေ ဖြစ်တယ်။ တစ်ခုခုတောင်းဆိုရင်လည်း သူတို့ကို ရိုက်နှက်တယ်ဆို တော့ သူတို့မှာ မပြောရဲတော့ဘူး။ အောင့်အီးသည်းခံပြီး နေကြရတာပေါ့။ ကိုယ့်မှာလည်း ဘာမှ လုပ်မပေးနိုင် ဘူးလေ” ဟု ပြောသည်။
အကျဉ်းသားများထဲမှ ပုဒ်မ ၅၀၅-က၊ ခ တို့ဖြင့် အဖမ်းခံထားရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ၉ ပေပတ်လည် အချုပ်ခန်းတွင် အယောက် ၃၀ နေထိုင်ခိုင်းခြင်း ဖြစ်သည်။
သို့သော် ခိုး ဆိုး လု နှိုက် အစရှိသည့် ဒုစရိုက်မှု အမျိုးမျိုးတို့ဖြင့် အချုပ်ကျနေသည့် အကျဉ်းသားများကိုမူ ၅ ယောက် တစ်ခန်းစီ နေထိုင်ခိုင်းထားသည်ဟု နီးစပ်သူများက ဆိုသည်။
အလားတူ မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၄၀ ဦး ကိုလည်း ယခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့နှင့် အောက်တိုဘာလ ၁၇ နေ့များတွင် မန္တလေးတိုင်း ဒေသကြီး မြင်းခြံအကျဉ်းထောင်နှင့် မကွေးတိုင်း ဒေသကြီး သရက် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့သည်။
ထိုသို့ ပြောင်းရွှေ့ခဲ့ရာတွင်လည်း အကျဉ်းဦးစီးဌာနမှ ၎င်းတို့၏ မိသားစုဝင်များကို တစ်စုံတစ်ရာ အသိပေးခြင်း မရှိခဲ့ဘူးဟု နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသူများက ပြောသည်။