အရပ်သား ၄၀ ကျော် မီးရှို့သတ်သည့် တပ်ရင်းမှ ၄ ဦးကို KNDF ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။

ကယား(ကရင်နီ) ပြည်နယ်အတွင်း ပြည်သူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ရင်းမှ သုံ့ပန်း ၄ ဦးကို KNDF မှ ဖမ်းမိထားပြီး ဥပဒေအရ ဆက်လုပ်ဆောင်သွားမည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာက အရပ်သားများကို စစ်ကောင်စီ တပ်ဖွဲ့များက လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက အစုအပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ကမီးကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)မှ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

“KNDF မှာက သုံ့ပန်းတွေကို သတ်ဖြတ်တာမျိုး မရှိဘူး။ ဥပဒေအရပဲ ဆက်သွားမယ်။ ဖမ်းဆီးရမိတဲ့ သုံ့ပန်း တွေကိုလည်း လူ့အခွင့်အရေးနဲ့အညီ ဖမ်းဆီးထားတယ်။ လက်ရှိမှာတော့ ဆေးကုသပေးနေတယ်။ စစ်ဆေး မေးမြန်းတာတွေတော့ လုပ်နေပြီပေါ့။ စစ်ဆေးမေးမြန်းချက်တွေကိုတော့ လတ်တလော ထုတ်ဖော်ပြောဆိုတာ တွေ မလုပ်သေးဘူး။ နောက်ပိုင်းကျရင်တော့ အသိပေးတာမျိုးတွေ ရှိမှာပေါ့” KNDF ဗဟိုပြန်ကြားရေး တာဝန် ခံတစ်ဦး က ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ရင်းမှာ တပ်မ-၆၆ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၁၀၈) ဓနုဖြူ အခြေစိုက်တပ်ရင်း ဖြစ်ပြီး ထိုတပ်ရင်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရှိ ပြည်သူ ၄၀ ကျော် အား မီးရှို့သတ်ဖြတ်ခဲ့သည့် တပ်ရင်းဖြစ်သည်ဟု KNDF တာဝန်ရှိသူများက ပြော သည်။

KNDF ဗဟိုပြန်ကြားရေး တာဝန်ခံတစ်ဦးက “ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ တပ်ရင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီတပ်ရင်း ဖြစ်နေတယ်။ နောက်ပြီးတော့ အခုဖမ်းမိထားတဲ့ ၄ ယောက်ကလည်း ဒီတပ်ရင်းက လူတွေပေါ့။ ဒီသုံ့ ပန်း ၄ ယောက်က ဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေဆိုတာတော့ ကျနော်တို့ မပြောထားသေးဘူးပေါ့။ ကျနော်တို့ ကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းနေတုန်းပေါ့” ဟု ပြောသည်။

အဆိုပါတိုက်ပွဲမှာ ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး တစ်နေကုန်နီးပါး ကြာ မြင့်ခဲ့သည်ဟု ဆိုသည်။ ထိုတိုက်ပွဲတွင် KNDF တပ်ရင်း-၁၊ တပ်ရင်း-၅၊ တပ်ရင်း-၆၊ တပ်ရင်း-၇၊ တပ်ရင်း-၉ တို့ နှင့်အတူ ကရင်နီတပ်မတော် (KA)မှလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ခမရ ၁၀၈ တပ်ရင်းမှ အယောက် ၂၀ ကျော် သေဆုံးကာ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ တပ်သား ၁ ဦး စုစုပေါင်း ၄ ဦးကို အရှင်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မောင်းပြန်ရိုင်ဖယ်များဖြစ်သည့် MA-1 ၄ လက်၊ MA-3 ၂ လက်၊ MG-3 ငါးကြင်းမြီး ၁ လက်၊ M-4 စက် သေနတ် ကျည် ၇၉ တွဲပါ တစ်လက်၊ လက်နက်ကြီး RPG တစ်လက်၊ ၆၀-မမ စိန်ပြောင်း ၂ လက်၊ ကွန်ပြူတာ ၁ လုံး၊ ဖုန်းနှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများသောကြောင့် ဒီးမော့ဆို အမြောက်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ သို့သော် KNDF ဘက်တွင် ရဲဘော် ၂ ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့သည်မှအပ ကြီးကြီးမားမား ထိခိုက်မှု မရှိဟု တာဝန်ရှိသူများက ပြောသည်။

KNDF အနေဖြင့် ဒေါကမီးကျေးရွာတိုက်ပွဲ အောင်မြင်မှုမှာ မိုဆိုကျေးရွာတွင် မီးရှို့သတ်ဖြတ်ခံရသည့် အရပ်သား ၄၀ ဦးအတွက် လက်တုံ့ပြန်ခြင်းဖြစ်ပြီး မည်သည့်တိုက်ပွဲမဆို စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်ရန် အသင့်ရှိနေ ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

သို့သော် ၎င်းတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရန် ပြည်သူလူထု၏ အားပေးထောက်ခံမှု လိုအပ်ကြောင်းနှင့် ထောက်ပံ့မှုများလည်း ဆက်လက်လုပ်ဆောင်ပေးကြရန် တောင်းဆိုထားသည်။

လက်ရှိတွင် ဒီးမော့ဆိုမြိုနယ်၊ ကုန်းသာကျေးရွာ အရှေ့ဖက် နေရာတလျှောက်၊ သေးဆူလဲ၊ ဒေါကမီးနေရာ တလျှောက်တို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းများ ပြန်ထိုးလာနိုင်သည့်အပြင် စစ်ရေးအခြေအနေလည်း တင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း အချိန်မရွေးဖြစ်ပွားနိုင်သည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ထိုနေရာများ အနီးတစ်ဝိုက် ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြု လုပ်ကြသေးရန် နှင့် ၎င်းတို့ အစဥ်တစိုက် ထုတ်ပြန်နေသည့် စစ်ရေးအခြေအနေများကို ဂရုပြုကြရန် KNDF က မေတ္တာရပ်ခံထားသည်။