ဓလေ့မှားများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားစေသည်ဟု အမျိုးသမီးအဖွဲ့များ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။

လက်ရှိမြန်မာနိုင်ငံထဲတွင် အမျိုးသမီးများကို ဒုတိယတန်းစား ပုံစံမျိုးထားကြသည့် အပြင် လွှဲမှားနေသည့် ဓလေ့ ထုံးတမ်းများကလည်း အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများ၊ ချိုးဖောက်ခံရမှုများကို ပိုဆိုးရွား စေခြင်း ဖြစ်သည်ဟု ကယန်းအမျိုးသမီးအစည်းအရုံး တွဲဖက်အတွင်းရေးမှူး-၁ မူအန်းဂျလာက ပြောသည်။

အမျိုးသမီးရဲ့ ဖြတ်သန်းမှုကြီးက ဒုတိယအတန်းစားပုံစံမျိုးနဲ့ ဖြတ်သန်း ကြီးပြင်းလာခဲ့တာပေါ့။ ကျမတို့ ခုန က လိုမျိုး တချို့လွဲမှားနေတဲ့ ဓလေ့ထုံးတမ်း အယူအဆ အတွေးအခေါ်တွေ ဖိုဝါဒကြီးစိုးရဲ့ မြန်မာနိုင်ငံရဲ့ သွား နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ကျမတို့ ဒီအမျိုးသမီးကို ဒုတိယ လူတန်းစားအဖြစ် သတ်မှတ် ပြီးတော့ မှ ဆက်ဆံတယ်။ သတ်မှတ်ခဲ့တယ်။ ဆိုတော့ ဒီရဲ့ လူရဲ့ဓလေ့ကို ကျမတို့က နှစ်ပေါင်း ဆယ်စုနှစ်များစွာကို ဖြတ် သန်းခဲ့ရတယ်။ အဲဒါကြောင့်မို့ ကျမတို့ရဲ့ အတွေးအခေါ်အယူအဆတွေ ရှေးရိုးစွဲတဲ့ဟာတွေက ပြုပြင်ဖို့ ပြောင်း လဲဖို့ ခက်ခဲတဲ့ဟာတွေလည်း ရှိတယ်ပေါ့နော။ အရမ်းခေါက်ရိုးကျိုးသွားပြီပေါ့နော်။ ဒါကြောင့် မို့လို့ ကျမတို့ တတွေ အများကြီးဆက်ပြီး ကြိုးစားရအုံးမယ်ပေါ့။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ လှုပ်ရှားမှုကို ယခုနှစ်တွင်လည်း ပြုလုပ်နေကြသည်။

အဆိုပါ ၁၆ ရက်တာ လုပ်ရှားမှုကို တစ်နှစ်ပြီးတစ်နှစ် လုပ်ဆောင်နေခြင်းက မြန်မာနိုင်ငံအပြင် ကမ္ဘာတဝှမ်းတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ဆက်ရှိနေသေးခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသမီးအရေး လှုပ်ရှားနေသူများက ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး နှင်းနှင်းမွှေးက အမျိုးသမီးများ အပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများ လျော့ကျသွားစေဖို့ အမျိုးသမီးများ၏ အခွင့်အရေးများကို အားလုံးလေးစား လာကြဖို့ အမျိုးသားများ ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းပြောဆိုထားသည်။

“ကျမတို့ နိုင်ငံရဲ့ လူ့အဖွဲ့အစည်းက ဘာလဲဆိုရင် သားကိုသခင် လင်ကို ဘုရားလား အဲလိုမျိုး သွန်သင်ချက်တွေနဲ့ ပေါ့နော။ နှစ်ပေါင်းက ရာနဲ့တောင်ချီပြီးတော့ နှစ်ပေါင်းများစွာပေါ့နော။ အသားကျလာတဲ့ လူ့အဖွဲ့အစည်း ဖြစ် တဲ့ အခါကျတော့ မိရိုးဖလာ သွန်သင်ချက်တွေ ကြားထဲမှာ အသားကျတဲ့အခါလည်း ဖြစ်နိုင်ပါတယ်။ ဆိုတဲ့အခါ ကျတော့ ဒီလိုမျိုး အခြေအနေမှာ အမျိုးသားတွေကလည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမျိုးသမီးများ အပေါ်မှာ ဒီလိုအခွင့်အရေးတွေကို လေးစားတတ်လာဖို့ ကိုယ်တိုင်ကနေပြီးတော့ ဝိုင်းပြီးတော့ ကူညီတာမျိုးပဲ ဖြစ်ဖြစ်ပေါ့နော။ အဲလိုမျိုးတွေ လုပ်ကြဖို့လိုတယ်လို့ ကျမတို့ကတော့မြင်တယ်။”

လူ့အခွင့်အရေး ရှု့ထောင့်အရ ခွဲခြားဆက်ဆံမှုများ ပပျောက်ပြီး အမျိုးသား၊ အမျိုးသမီး တန်းတူ ညီမျှမှုရရှိ ကြဖို့ မူဝါဒများ ရေးဆွဲပြဌာန်းကာ ကာကွယ်မြင့်တင်ပေးဖို့ နိုင်ငံတော်အစိုးရ အဆက်ဆက်အပြင် အမျိုးသား၊ အမျိုး သမီး လူတန်းစား အလွှာမျိုးစုံက ကြိုးစားရအုံးမှာ ဖြစ်သည်ဟု ပြောသည်။

“နွေဦးတော်လှန်ရေး အစမှာ ကျမတို့ လုပ်ခဲ့ကြသလိုပဲ ငါတို့ ထမီ ငါတို့အလံ ငါတို့ အောင်ပွဲမှာ အမျိုးသားတွေ ကိုယ်တိုင် ထမီကို ခေါင်းပေါင်း ပေါင်းပြီး ထွက်ခဲ့ကြတဲ့ အခြေအနေမျိုး ဒီအတွေ အခေါ် တော်လှန်ရေးမျိုးကို အားလုံးက ဝိုင်းပြီးတော့ ဆက်လက်ပြီး လုပ်ဆောင်ကြမယ်ဆိုရင်တော့ ခုနက ပြောတဲ့ ကိစ္စတွေက အချိန်ယူ ကောင်း ယူရနိုင်သော်လည်းပေါ့နော။ သိပ်ပြီးတော့ မကြာတဲ့ ကာလမှာတော့ ပျောက်သွားနိုင်တယ်။ သို့တည်း မဟုတ် နည်းသွားနိုင်တယ်လို့ ကျမကတော့ ယူဆပါတယ်ရှင့်။”

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ ပုံစံအမျိုးမျိုး ရှိနိုင်ပြီး မကြာခဏဆိုသလို မိသားစုတွင်း (သို့မဟုတ်) လုပ်ငန်းခွင်များတွင်ပင် ရှိနေသည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသူများက ပြောသည်။

အမျိုးသမီးများအဖွဲ့ မြန်မာနိုင်ငံ WLB အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် “တရားမျှတမှု၊ တာဝန်ခံမှု၊ ပြစ်ဒဏ်ကင်းလွှတ်ခွင့်များ အဆုံးသတ်ခြင်း” ဆိုသည့် ဆောင်ပုဒ်နှင့် ၁၆ ရက်တာ လှုပ်ရှားမှု၊ ဖဲကြိုးဖြူလှုပ်ရှားမှု အပါအဝင် အခြားသောလှုပ်ရှားမှုများကို ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ လုပ် ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံထဲတွင် စစ်အာဏာရှင်လက်ထက် အဆက်ဆက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ၊ မတရားပြုကျင့်မှုများ များစွာရှိခဲ့သော်လည်း ကျူးလွန်ခံရသူများအတွက် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုများ ယနေ့အချိန်ထိ အပြည့်အဝမရရှိသေးသလို ကျူးလွန်သူများလည်း တစ်စုံတစ်ရာ အရေးယူခံခြင်း မျိုးမရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်သည်ဟု WLB က ထုတ်ပြန်ပြောဆိုထားသည်။

ဓါတ်ပုံ – WLB