လောင်းလုံးတွင် နေရာ ၅ နေရကို PDF များ ဝင်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နယ်မြေခံ ရဲစခန်းနေရာ အပါအဝင် နေရာ ၅ ခုကို ဒေသ ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့တိုက်ခိုက်ပြီးနောက် နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြော သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကြောက်လို့ အိမ်တံခါးတွေပိတ်၊ မီးတွေပိတ်ပြီး အမှောင်ထဲမှာ ငြိမ် နေကြရတာ။ အသံတောင်မထွက်ရဲဘူး။ တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေ အဆက်မပြတ်ဘူး၊ နှစ်ဘက်လုံး ပစ်နေတဲ့ အသံမျိုးကြားရတယ်” ဟု ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၄ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်တွင် မောင်းမကန် ရဲစခန်းကို စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ည ၁၀ နာရီခန့်အထိ နှစ်ဖက်ကြား အပြန်အလှန် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားနေချိန်အတွင်း ထားဝယ်ဘက်မှ စစ်ကူလာသည့် စစ်ကား ၆ စီးမှာ မောင်းမကန်ကျေးရွာ အနီး သုံးထပ်လမ်းကွေ့နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် စစ်ကား ၁ စီး ပျက်စီးသွားပြီး စစ်ကောင်စီ တပ် သားအချို့ ထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

“လမ်းမပေါ်မှာ ကျည်ခွံတွေ တွေ့ရတယ်၊ ကားလမ်းနံဘေး မြေကြီးတွေ ဖွာထွက်နေတဲ့ ချိုင့်တစ်ခုနဲ့ စစ်ကား တစ်စီး ပျက်စီးပြီး ရပ်ထားတာလည်း တွေ့တယ်။ စစ်သားတွေတော့ မတွေ့ဘူး” ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံ တစ်ဦးက ပြောသည်။

မောင်းမကန် နယ်မြေခံရဲစခန်း ပစ်ခတ်ခံရပြီးနောက် မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ သဘော့ဆိပ်ပြင် ကြီး၊ ကရင်ကြီး စသည့် ကျေးရွာတို့တွင် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က လုံခြုံရေး အထူးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ရဲစခန်း တိုက်ခိုက်ခံနေရစဉ် တချိန်တည်း၌ လောင်းလုံးမြို့နယ် မြေစာရင်း ဦးစီးဌာနရုံးအနီးတွင်လည်း ဗုံးပေါက် ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးဟု ဆိုသည်။

ထို့အပြင်ထိုည တစ်ညတည်းမှာပင် လောင်းလုံးမြို့၊ ကရင်ကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ဦးလေးလေး နှင့် အဖွဲ့ဝင်များ စုပေါင်း စခန်းချနေထိုင်သည့် နေအိမ်လည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး PDF အဖွဲ့များနှင့် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သေးသည် ဟု ဒေသခံများက ပြောသည်။

အလားတူ ကရင်ကြီးရွာသို့ စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားတစ်စီးလည်း ကျောက်ဆင်နှင့် သဘော့ဆိပ်ကျေးရွာ အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရမှုများ အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ရာ ၎င်းထိခိုက်ဒဏ်ရာရသူများအား ထားဝယ် တပ်နယ်စစ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုများ ခံယူနေရပြီး အရေအတွက်ကိုမူ မသိရှိရဘူးဟု တပ်နယ်ဆေးရုံနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မောင်းမကန် ရဲစခန်း အပါအဝင် စစ်ကောင်စီ၏ စစ်ကူယာဉ်များ မိုင်းဆွဲခံရခြင်းနှင့် ပျူစောထီးအဖွဲ့များ တိုက်
ခိုက်ခံရခြင်းများအတွင်း ထိခိုက်သေဆုံးမှု အခြေအနေများကို သိရှိအတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုများကို မည်သည့်အဖွဲ့အစည်းက ပြုလုပ် ဆောင်ရွက်ခဲ့သည်ကိုမူ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း အချိန်ထိ သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။