မွန်ဝန်ကြီးချုပ် ထောင် ၂ နှစ်ထပ်မံ ချခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက မလျော်ဩဇာ သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ် ထပ်မံအမိန့်ချလိုက်သည်ဟု နီးစပ်သူများက ပြောသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးခဲ့သည်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နှင့် အမှု ၂ မှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နှင့် အမှု ၂ မှုအတွက်ကို ဒီဇင်ဘာ ၆ ရက်နေ့က အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု နှစ်မှုအတွက် တစ်မှု တစ်နှစ်စီ စုစုပေါင်း ၂ နှစ် ထပ်ပြီးတော့ အမိန့် ချလိုက်တယ်။ အထူးတရားရုံးကနေ မနေ့က ရုံးထုတ်စစ်ဆေးပြီးတော့ အမိန့်ချလိုက်တာဖြစ်တယ်။ ဒီအမှု အတွက် အယူခံတင်သွားဖို့ရှိတယ်” ဟု NLD ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခု အမိန့်ချလိုက်သည့်အမှုနှင့် ပတ်သက်၍ ဒေါက်တာအေးဇံက တရားရုံး အဆင့်ဆင့်တက်ကာ အယူခံတင် သွားရန် ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခဲ့ရာ လက်ရှိတွင် အဂ တိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။
ယခု ပုဒ်မ ၁၇၁ (စ) အတွက် ချမှတ်ခံရသည့် ထောင်ဒဏ် နှစ်နှစ်အပါအဝင် လက်ရှိတွင် ဒေါက်တာအေးဇံသည် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ အမိန့်ချမှတ်ခံထားရသည်။
လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင် ထားသည်ဟု နီးစပ်သူများက ပြောသည်။
စစ်တပ် အာဏာသိမ်းစဥ်က မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ထို့နောက်တွင် ဖမ်းဆီးခံထားရသည့် ဝန်ကြီးများအားလုံးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာ အေးဇံ တစ်ဦးတည်းကိုသာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ပုဒ်မ တစ်ခုပြီး တစ်ခုတပ်ကာ တရားစွဲဆိုခံခဲ့ပြီး အဆိုပါ ပုဒ်မများအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။