ကြိုတင် တိုကင် စနစ် ခေတ္တရပ်ဆိုင်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
နိုင်ငံကူးလက်မှတ် ရက်ချိန်းတိုကင်ယူသည့် စနစ်ကို ယာယီရပ်ဆိုင်းမည်ဟု မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)က ထုတ်ပြန်လိုက်သည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် QR Code ဖြင့် ရက်ချိန်းတိုကင်ယူသူများမှာ ပွဲစားများထံမှ မတန်တဆဈေးဖြင့် ဝယ်ယူနေရခြင်း၊ အခြားသူများထံသို့ မိမိတိုကင်များ လွှဲပြောင်းရောင်းချခြင်းတို့ကြောင့် အဆိုပါ စနစ်ကို ယာယီ ရပ်ဆိုင်းမည်ဟု မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)က ထုတ်ပြန်လိုက်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ်က နိုငံကူးလက်မှတ်ပြုလုပ်သူ အမျိုးသားတစ်ဦးက “အလ ကား သက်သက်ပါ။ ပွဲစားကြောင့်ဘာကြောင့် ရပ်တယ်ဆိုတာ လူကြား ကောင်းအောင်ပြောတာ။ တကယ်က အဝေမတည့်လို့ဖြစ်တာ။ အောက်ခြေက ပိုရပြီး လူကြီးပိုင်းတွေ သိပ်မရလို့ ရပ်တာ။ ပွဲစားတွေကို တကယ် တမ်း ခေါ်သွင်းနေတာက သူတို့ ကိုယ်တိုင်ပဲလေ” ဟု ပြောသည်။
QR Codeဖြင့် ရက်ချိန်း တုံကင်ယူသည့် စနစ်အား ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင် ရပ်ဆိုင်းခဲ့သည်ဖြစ်ရာ ပြန်လည် အသုံးပြုနိုင်မည့်ရက်အား ထုတ်ပြန်သွားမည်ဟု တာဝန်ရှိသူ များက ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ အနေဖြင့် တုံကင်များကို ပွဲစားများထံမှ မတန်တဆဈေးဖြင့် ဝယ်ယူနေရခြင်း၊ အခြားသူများထံသို့ မိမိတုံကင်များကို လွှဲပြောင်းရောင်းချခြင်း တို့ကြောင့် ယာယီရပ်ဆိုင်းရသည်ဟု ပါရှိသည်။
ရန်ကုန်မြို့တွင် QR Code ရက်ချိန်း တုံကင်ရရန် ပွဲစားများထံမှ လူတစ်ယောက်စာလျှင် ကျပ် ၅သောင်းမှ ကျပ် ၃ သိန်းဝန်းကျင် အထိ ပေးဝယ်ရသည်ဟု ဆိုသည်။ သို့သော် ယင်းဝယ်ယူထားသည့် တုံကင်အား ရရှိရန် နံနက် ၃ နာရီ အချိန် ကတည်းက ရုံးတွင် တန်းစီရသည်ဟု ဆိုသည်။
ပွဲစားများနှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးဝန်ထမ်းများ ပူးပေါင်းကြံစည်၍ ရောင်းချနေသော တုံကင်များ မှာ အမျိုးမျိုးရှိပြီး တန်းစီစရာမလိုသည့် တစ်ပတ်အတွင်း ရနိုင်သော တုံကင်ကို ၆ သိန်းကျပ်၊ ၃ ရက်အတွင်း ရနိုင်သော တုံကင်ကို ၈ သိန်းကျပ်နှင့် နေ့ချင်းရနိုင်သော တုံကင် ၁၀ သိန်းကျပ် အထိ အသီးသီးပေါက်ဈေးရှိ သည်ဟု နိုင်ငံကူးလက်မှတ်သွားလုပ်သူ အချို့က ဆိုသည်။
သို့သော် ရန်ကုန်တိုင်းတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် တရားဝင်ကုန်ကျစရိတ်မှာ ၃၅,၀၀၀ ကျပ်သာရှိပြီး သာမာန် ပြည်သူများအနေဖြင့် တုံကင်ရရန်ခက်ခဲသောကြောင့် ပွဲစားများဖြင့်သာ ပြုလုပ်နေရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ပြည်တွင်း အလုပ်အကိုင်များ ရှားပါးလာသည် ဖြစ်ရာ နေ့စဉ်နှင့်အမျှ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ် လုပ်ကိုင်ကြသည့် လူဦးရေမှာ များပြားလာနေသည်။
ထို့အပြင် အချို့မှာ ပညာသွားရောက် သင်ကြားသည့် လူငယ်များနှင့် နိုင်ငံရေး ခိုလှုံခွင့်အရ သွားရောက်သူများ လည်း ရှိနေသည်။
သို့ဖြစ်၍ ရန်ကုန်တိုင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် နေ့စဉ် လူဦးရေ ၂,၅၀၀ ခန့်ကို ပြုလုပ်ပေးနေရပြီး အခြား တိုင်းနှင့် ပြည်နယ်များရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးများတွင် နေစဉ် လူဦးရေ ၂၀၀ မှ ၁၀၀၀ နီးပါးအထိ ပြုလုပ်ပေးနေရသည်ဟု ဒေသခံပြည်သူများက ပြောသည်။
ဓါတ်ပုံ – မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံး