ပုသိမ်တွင် ဧည့်စာရင်း မတိုင်သူ ၃၀ ကို ဖမ်းပြီး တယောက်ကို ၅ သောင်းတောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ရပ်ကွက်တစ်ခုထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဧည့်စာရင်းဝင်စစ်ပြီး မြို့ခံ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ တစ်ယောက်လျှင် ကျပ်ငွေ ၅ သောင်း စီတောင်းသည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်မြို့၊ ၆ ရပ်ကွက်ရှိ ကုသိန္တာရုံ အတွင်း လမ်းက ထန်းကုန်းလေးရပ်ထဲကို စစ်တပ်က ရှောင်တခင် ဧည့်စာ ရင်း ဝင်စစ်ခဲ့ပြီး ဧည့်စာရင်း မတိုင်ရသေးသည့်သူများနှင့် တိုင်ရမည့် ရက်ကျော်နေသူများအား ဖမ်းဆီးကာ တယောက်လျှင် ငွေ ၅သောင်းကျပ်စီ တောင်းခဲ့ခြင်းဖြစ်သည်။
“ဧည့်စာရင်း ညတိုင်း စစ်နေတာ။ ဖမ်းတာကလည်း ညတိုင်းပဲ။ ဒါပေမယ့် ဒီတစ်ခါ အဖမ်းခံရတာ ဒဏ်တပ် ခံရတာအများဆုံးပဲ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပုသိမ်မြို့၊ ၆ ရပ်ကွက်ထဲ ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်က ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့ခြင်း ဖြစ်သည်။
ဒဏ်ငွေများကို အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဆောင်က ယူသွားပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ဖမ်းထား သည့် သူများကို ခံဝန်ချက်လုပ်ခိုင်းကာ ဧည့်စာရင်း ပုံမှန်တိုင်ဖို့ ပြောဆိုကာ ပြန်လွှတ်ပေးလိုက်သည်ဟု အုပ်ချုပ် ရေး အဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
အဖမ်းခံရသည့် သူများမှာ ရပ်ကွက်အတွင်း အိမ်ငှားရမ်းကာ နေထိုင်သူ အများစုဖြစ်ပြီး အချို့က မိသားစု အိမ်ထောင်ပွားများ ဖြစ်ကာ တစ်အိမ်တည်း၌ နေထိုင်သူများ ဖြစ်သော်လည်း အိမ်ထောင်စု ဇယားအတွင်း စာရင်း မဖြည့်ရသေးသူ၊ သန်းခေါင်းစာရင်း မပြောင်းရသေးသူနှင့် မလုပ်ရသေးသူများသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“သန်းခေါင်စာရင်းက လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ မှတ်ပုံတင်ရုံးမှာ လုပ်ရင် ငါးသောင်းကျော်ကုန်တယ် ဆို တော့ မတတ်နိုင်ဘူးလေ။ အဲဒီတော့ မလုပ်တော့ဘဲ ဧည့်စာရင်း တိုင်ပြီး ယာယီ သန်းခေါင်စာရင်းနဲ့ နေကြတာ။ အခုက အဖမ်းခံရသူတွေထဲမှာ တနယ်တကျေးက လာတဲ့ ဧည့်သည်တွေမပါဘူး” ဟု ၆ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး က ပြောသည်။
ဧည့်စာရင်း လာစစ်သည့် စစ်ကောင်စီတပ်သားများက ဒေသခံများ၏ နေအိမ်အတွင်း ဘုရားခန်း နှင့် ဧည့်ခန်း များပါ မချန် ဖိနပ်စီးကာ ဝင်ကြသည့်အပြင် နေအိမ်ထဲက မိသားစုဝင်များကိုလည်း အကြောင်းမဲ့ ကြိမ်းဝါး ဆဲဆို မှုများ ပြုလုပ်ခဲ့ကြသည်ဟု ဧည့်စာရင်း စစ်ခံရသည့် အိမ်ရှင် အချို့က ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း တော်လှန်ရေး အင်အားစုများက မြို့ပြ ပြောက်ကျား စစ်ဆင်ရေး ဖော်ဆောင်မှု များကို မကြာခဏ လုပ်ဆောင်မှုများ ရှိနေသလို စစ်ကောင်စီတပ်ကလည်း ဒေသခံများကို အမျိုးမျိုး စွပ်စွဲကာ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဖမ်းဆီးခံရသူများကို ခြိမ်းခြောက် အနိုင်ကျင့် နှိပ်စက်ကာ ငွေညှစ်တောင်းယူမှုများ အဆက်မပြတ် လုပ်နေ သည်ဟု ဒေသခံများက ပြောသည်။