KBC ဥက္ကဌဟောင်းကို တရားစွဲရန် ပြင်ဆင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ် ကောင်စီက တရားစွဲဆိုဖို့ လုပ်ဆောင်နေသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန် ပြောဆို လိုက်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ KBC ကို ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ က ခေါ်ယူတွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု KBC က ပြောသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC တွဲဖက်အတွင်းရေးမှူး ဆရာတော် လဖိုင်ဇော်ရာက “ဒီဇင်ဘာ ၆ ရက် နေ့မှာ ကချင်ပြည်နယ်ရဲ့ လုံနယ်ကနေ KBC ဗဟိုနဲ့ တွေ့ချင်တယ်လို့ အကြောင်းကြား လာတာကြောင့် ကျနော် တို့ KBC ဗဟိုကနေ တာဝန်ရှိသူတွေ ၄ ယောက်က သူတို့နဲ့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီလို တွေ့ဆုံ ရာ မှာ ဒီလုံနယ်ကနေ ကျနော်တို့ကို ပြောတာက ဆရာတော်ကြီးက သူလုပ်ဆောင်ထားတဲ့ အမှားတွေ ရှိတယ်ဆိုပြီး ဖိုင်တွေကို ပြပါတယ်။ အဲ့ဒီမှာ အစည်းအဝေးတွေက ဖိုင်တွေပါလာတာကို တွေ့ရပါတယ်။ ကျနော်တို့ သိရတာ ကတော့ ဆရာတော်ကြီးကို တရားစွဲဆိုဖို့ လုပ်နေတယ်ဆိုတာကို သိရပါတယ်” ဟု ပြောသည်။

သို့သော် ဆရာတော်နှင့် တွေ့ဆုံခွင့်မရသေးသလို ၎င်းအား မည်သည့်အမှုနှင့် တရားစွဲသွားမည်ကိုမူ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ ကျန်းမာရေးအတွက် ဆေးကုသဖို့ ထွက်ခွာရန် စောင့်ဆိုင်းနေချိန် စစ်ကောင်စီက ဖမ်း ဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

KBC ၏ Facebook လူမှုကွန်ရက်စာမျက်နှာမှ တဆင့် လူထုကို ထုတ်ပြန်ပြောဆိုရာတွင် “အဲ့ဒါကြောင့် ကျနော် တို့က ၆ ရက်နေ့ ညမှာလည်း ဆရာတော်ကြီး လွတ်မြောက်လာရေးအတွက် ကြိုးစားလုပ်ဆောင်ရမယ်ဆိုပြီး စည်းဝေးပြောဆိုကြပြီး ကော်မတီတရပ်ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ လုပ်ဆောင်နေ ပါပြီ” ဟု KBC တွဲဖက်အတွင်းရေးမှူး ဆရာတော် လဖိုင်ဇော်ရာက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွှတ်မြောက်ရေးအတွက် KBC အနေဖြင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထား ပြီဟု ပြောသည်။ သို့သော် ဆရာတော်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိ ပေ။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြည်ပ ထွက်ခွင့်ပိတ်ပြီး ဖမ်းဆီးထားမှုသည် ကချင်တမျိုးသားလုံးကို အလွန်အကျူး ရန်စစော်ကားခြင်း ဖြစ်သလို ထပ် မံ စစ်ကြေညာရာ ရောက်သည်ဟု World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

ဆရာတော်ကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် KBC က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပြီး ယနေ့အချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင်သည်ကို မသိရသေးသလို တွေ့ခွင့်လည်း မရသေးသည့်အတွက် မိသားစုဝင်များနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က အသင်းသူ/သားများက စိုးရိမ်နေကြ သည်။

ဆရာတော် လဖိုင်ဇော်ရာက “ကျနော်တို့ ချစ်ခင်လေးစားရတဲ့ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန် ဒီဇင်ဘာလ ၅ ရက်နေ့မှာ မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်မှာ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မိဘပြည်သူ တွေ စိတ်မကောင်း ဖြစ်နေကြတယ်ဆိုတာ သိပါတယ်။ ဒါနဲ့အတူ ကျနော်တို့ KBC EC ကော်မတီဝင်တွေက အဲ့ဒီ နေ့ ညမှာပဲ အရေးပေါ် အစည်းအဝေးတရပ်လုပ်ပြီး ထုတ်ပြန်ချက်တစ်စောင် အရင်ထုတ်လိုက်ပါတယ်။ အဲ့ဒီ ထုတ် ပြန်ချက်ထဲမှာ ကျနော်တို့ ဆရာတော်ကြီးကို ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုထားပါတယ်” ဟု ပြော သည်။

စစ်တပ်က ဖမ်းဆီးထားသည့် သိက္ခာရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ် (KBC) ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် KBC ၏ အကြံပေးတာဝန်ကို ထမ်းဆောင်နေသည့် ဆရာတော် တစ်ပါး ဖြစ်သည်။

ကချင်ပြည်သူက လေးစားကြသည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး၊ စစ်ရှောင်အရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူ ဖြစ်သည့်အပြင် စစ်ကောင်စီ ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် တွေ့ ဆုံခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆရာတော်တို့ တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှင်းပန်းနှိပ်စက်နေရကြောင်း ပြောဆိုခဲ့သည့်အတွက် တပ်မတော် ကို အကြည်ညိုပျက်အောင်၊ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခဲ့သည်ဟုဆိုကာ ထိုအချိန်ကလည်း စစ်တပ်က တရားစွဲဆိုရန်လုပ်ဆောင်ခဲ့သေးသည်။

ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး