အင်းသား စာပေ ပြဌာန်းရေးမူကြမ်း စစ်ကောင်စီနှင့် ပူးပေါင်း အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

အင်းသားစာပေ ပြဌာန်းရေးမူကြမ်းအား စစ်ကောင်စီနှင့် ပူးပေါင်းကာ အတည်ပြုလိုက်ပြီဟု အင်းသားလူငယ် အချို့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် အင်းသား စာပေပြဌာန်း အတည်ပြုရန် မူကြမ်းအား အင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်မှုဖြင့် စစ်ကောင်စီ တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့် စစ်ကောင်စီ လက် အောက်ခံ အင်းသားအဖွဲ့အစည်းများ၊ ပါတီများ တက်ရောက်ဆွေးနွေးခဲ့သည်ဟု အင်းသားလူငယ်အချို့က ပြောသည်။

အဆိုပါ မူကြမ်းအား ညောင်ရွှေမြို့၊ အင်းသားစာပေနှင့် ယဉ်ကျေးမှုရုံးတွင် ဒီဇင်ဘာလ ၆ ရက်နေ့က ဆွေးနွေး အတည်ပြုခဲ့ရာ မိုင်းသောက်ကျေးရွာနှင့် သလဲဦးကျေးရွာတို့က ကန့်ကွက်ခဲ့ပြီး နောက်တစ်ကြိမ် အင်းသား ညီ လာခံပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်ဟု တက်ရောက်ခဲ့သည့် အင်းသားလူငယ်အချို့က ပြောသည်။

လက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွင် ပါဝင်နေသည့် အသက် ၄၀ အရွယ် အင်းအမျိုးသား တစ်ဦးက “စာပေ အတည်ပြုဖို့ကတော့ လုပ်နေတာကြာပါပြီ။ ဒါပေမယ့် ဒီကာလကြီးမှာ ထလုပ်တော့ လူပြောစရာ ဖြစ်တာပေါ့။ ပြီးတော့ စာပေအတည်ပြုဖို့က စကစမလိုပါဘူး။ စကစနဲ့ပေါင်းလုပ်ကတည်းက ကန့်ကွက်သူ မရှိ အတည်ပြု လိုက်သည် ဆိုတာမျိုး ဖြစ်ချင်တာပေါ့။ အင်းသားလူမျိုးတွေလည်း နာမည်ပျက်တာပေါ့” ဟု ပြောသည်။

အင်းသား စာပေအတည်ပြုရေး ဆွေးနွေးပွဲတွင် ကျေးရွာပေါင်း ၂ ရွာ အပြင် ကန့်ကွက်သူအချို့ ရှိခဲ့ပြီး အင်းလေး တောင်ပိုင်းရှိ ကျေးရွာများကိုလည်း ဖိတ်ကြားခြင်း မရှိဘူးဟု အင်းသား လူငယ်များက ပြောသည်။

ထို့အပြင် ဦးဆောင်သည့် ပါတီနှင့် တက်ရောက်သည့် ပါတီမှာလည်း စစ်ကောင်စီ အာဏာမသိမ်းမီက တွေ့ဆုံခဲ့ သော နိုင်ငံရေးပါတီ ၃၄ ပါတီထဲတွင် ပါဝင်နေသည့်အတွက် တက်ရောက်သူ အနည်းငယ်သာ ရှိခဲ့ပြီး လူဦးရေ အယောက် ၅၀ ဝန်းကျင်ခန့်သာ ရှိခဲ့သည်ဟု ပြောသည်။

အင်းသား လူငယ်တစ်ဦးက “ဒီကာလတော့ သူတို့ ဘယ်လိုပဲ အတည်ပြုလည်း လူငယ်တွေ မတက်ကြဘူး။ စကစနဲ့ ပေါင်းနေတဲ့ ပါတီကလုပ်တဲ့ပွဲကို တက်ရင် စကစကို ထောက်ခံတယ်လို့ အထင်ခံရမှာ ကြောက်ကြ တယ်။ ကရဝိတ် (အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)က မဲရှုံးတာ အခုထိ အခဲမကြေသေးလို့ ထင်တယ်။ အစိုးရ ဖြစ်ချင်တယ်ဆိုရင် အရင် အစိုးရထက် သာအောင်ကြိုးစားရမယ်။ အရင်က မဲမနိုင်လို့ စကစနဲ့ပေါင်းပြီး စာပေတွေပြဌာန်းရုံနဲ့တော့ အစိုးရဖြစ်မလာဘူး။ ကျနော်တို့အပါအဝင် အကုန်လုံး အသိမှတ်မပြုပါဘူး။ တမျိုး သားလုံးကိုလည်း ကိုယ်စားမပြုဘူး” ဟု ပြောသည်။

ယခု မူကြမ်းအတည်ပြုထားသော အင်းသားစာပေတွင် မြန်မာဗျည်းအက္ခရာတို့ဖြင့် အသုံးပြုမည်ဖြစ်ပြီး အင်း ဒေသအတွင်း စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းများတွင် သင်ကြားသွားမည်ဟု အစည်းအဝေး တက် ရောက်သူ အချို့၏ ပြောပြချက်အရ သိရသည်။

သို့သော် အင်းသား ဘာသာစကားမှာ ကျေးရွာပေါ်မူတည်၍ ဘာသာစကား အနည်းငယ်ကွဲပြားခြင်း၊ လေယူလေ သိမ်း မတူညီခြင်းတို့ကြောင့် မည်သည့်စံနှုန်းကို အတည်ပြုထားသည်ကို မသိရသေးသည့်အတွက် အခက်အခဲ ဖြစ်နိုင်သည်ဟု အင်းသားအချို့က ပြောသည်။

ထို့အပြင် မူကြမ်းအတည်ပြုရာတွင် အင်းလေးဒေသတစ်ခုလုံးအား အသိပေးခြင်း၊ ဖိတ်ကြားခြင်းများ မရှိသော ကြောင့် အင်းသားတစ်မျိုးသားလုံးကို ကိုယ်စားမပြုနိုင်ဘူးဟု အင်းသားလူငယ်အဖွဲ့အစည်းများက ပြောသည်။

အင်းသားစာပေ အတည်ပြုရေး ဆွေးနွေးပွဲကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ လူကြီးများနှင့် အင်းသား စာပေယဥ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးတက်ထွန်း ၊ အတွင်းရေးမူး ဦးလှထွန်း၊ အင်းသား လူမူ ရေးအသင်းဥက္ကဋ္ဌ ဦးကျော်ဇော၊ တောင်ကြီးတက္ကသိုလ် မြန်မာစာပါမောက္ခဌာနမှူး ဒေါက်တာညိုညိုမြင့်တို့ တက်ရောက်ခဲ့သည်။

အင်းသားစာပေ အတည်ပြုရေး ၂၀၁၇ ခုနှစ်ကတည်းက စတင် အကောင်အထည်ဖော်ခဲ့ရာ COVID-19 ကပ် ရောဂါဘေးနှင့် စစ်အာဏာသိမ်းမှုဖြစ်စဉ်တို့ကြောင့် ရပ်ဆိုင်းထားရပြီး ယခုမှ ပြန်လည် အတည်ပြုခြင်း ဖြစ် သည်။ လက်ရှိတွင် အင်းသားစာပေ အတည်ပြုရေးအား ဦးဆောင်နေသော အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီမှာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပခါနီး ၆ လအလိုမှသာ အရေးပေါ်တည်ထောင် လိုက်သည့် ပါတီဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသော ပါတီဖြစ်သည်။

အင်းလေးဒေသတွင် အင်းသားများအတွက် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် အင်းသားလူမျိုး အဖွဲ့ ချုပ်ပါတီဟူ၍ ပါတီနှစ်ခု ရှိသည်။ အင်းလေးဒေသရှိ အင်းပါတီ ၂ ခုလုံးမှာ အင်းသားလူမျိုးများအတွက် ကိုယ် စားပြုခြင်း မဟုတ်ပဲ ၎င်းတို့၏ အကျိုးစီးပွားအတွက် တည်ထောင်ထားခြင်းဖြစ်သည်ဟု အင်းလေးဒေသခံများ က ပြောသည်။