ဒီးမော့ဆိုတွင် အရပ်သား တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက် ကြီးကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းတွင် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု၊ ဒေါပိုးစီကျေးရွာတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နေ့လည် ၁၁ နာရီ ကျော် အချိန်ခန့်က စစ်ကောင်စီ၏ လွိုင်ကော် ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒစက) မှ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခြင်းကြောင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးသွားသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြော သည်။
အသက် ၃၈ နှစ်အရွယ် ဒေါပိုးစီရွာခံ အမျိုးသားတစ်ဦးက “မနေ့က သူက တခြားရွာက ပြန်လာပြီး ဆိုင်ကယ် ပေါ်က မဆင်းခင်မှာ လက်နက်ကြီး တည့်တည့်ကျလာတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ဘတ်မှာလည်း လက် နက်ကြီးစတွေ စိုက်ဝင်နေတယ်။ ဆိုင်ကယ်ဆိုရင် တစ်စီးလုံးရစရာ မရှိတော့ဘူး” ဟု ပြောသည်။
သေဆုံးသူ အမျိုးသားမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ထီးဖိုးကလိုးကျေးရွာရှိ စစ်ရှောင်စခန်း တစ်ခုမှ စစ်ရှောင်အမျိုးသားတစ်ဦး ဖြစ်သည်။
အဆိုပါ အမျိုးသား သေဆုံးသွားသည့် နောက်တွင် နောက်ထပ် လက်နက်ကြီး ၂ လုံး ထပ်မံကျခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်များမှာ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ ဒေါပိုးစီကျေးရွာထဲသို့လည်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ကူညီဆောင်ရွက်ပေးနေသူများ က ပြောသည်။
“မနေ့က(၁၃ ရက်နေ့) တစ်မနက်လုံး ၅ မိုင် ၆ မိုင်နဲ့ ဒေါပိုးစီနား တစ်ဝိုက် လက်နက်ကြီးတွေ ပတ်ထုနေတာ။ တိုက်ပွဲ ဖြစ်မဖြစ်တော့ မသိဘူး။ လက်နက်ကြီးသံတွေက အဆက်မပြတ်ပဲ။ ညသန်းခေါင်လည်း ထပစ်နေ တော့ ရင်တထိတ်ထိတ်နဲ့ အိပ်လို့မရဘူး” ဟု အသက် ၂၅ နှစ်အရွယ် ကုန်းသာရွာခံ အမျိုးသမီးတစ်ဦးက ပြော သည်။
စစ်ကောင်စီတပ်များမှာ ဒီးမော့ဆိုမြို့နယ် အတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ် လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ထီးဖိုးကလိုးကျေးရွာတွင် လက်နက်ကြီး ကျရောက်မှု ကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ပြီး ယခု ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ၎င်းတို့ ထောင်ထားသော မြေမြုပ်မိုင်းများကြောင့် ထိခိုက် ဒဏ်ရာရရှိသူ အရပ်သား ၃၅ ဦးထက် မနည်းရှိ၍ ၅ ဦးမှာ သေဆုံးခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသူ များက ပြောသည်။
ထိုသို့ ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦးပါဝင်ပြီး တစ်ဦးမှာ သေဆုံးခဲ့ရသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။