ခရစ္စမတ်ဈေးရောင်းပွဲ ရငွေများ မြန်မာ စစ်ဘေးရှောင်ကူမည်
မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးမည့် ခရစ္စမတ်စျေးရောင်းပွဲတော် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် ကျေးဇူးတော် အသင်းတော်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ (ယနေ့) တွင် ပြုလုပ် သည့် ခရစ္စမတ် စျေးရောင်းပွဲတော်မှ ရရှိသည့် အလှူငွေများ အားလုံးကို မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင် များအား ကူညီထောက်ပံ့ပေးသွားမည်ဟု အသင်းတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။
အသင်းတော် တာဝန်ရှိသူတစ်ဦးက “ဒီကနေ ရတဲ့ အလှူငွေတွေ အားလုံးကို စစ်ဘေးရှောင်တွေကို ပေးမှာပါ။ ဒီညနေပဲ တစ်ခါတည်းပေးလိုက်မှာပါ” ဟု ပြောသည်။
ကယား(ကရင်နီ) ပြည်နယ်မှ စစ်ဘေးရှောင်များအပြင် မြန်မာနိုင်ငံအနှံ့ရှိ စစ်ရှောင်များထံ ကူညီထောက်ပံ့လှူဒါန်း သွားမည်ဟု ပြောသည်။
ထို့အပြင် ယနေ့ကျင်းပပြုလုပ်သည့် ခရစ္စမတ် စျေးရောင်းပွဲတော်သည် ခရစ္စမတ်ကာလအတွင် ခရစ္စယာန် ဘာ သာဝင်များ၊ အသင်းတော်များ၏ လုပ်ဆောင်ချက်များကို လူတွေ ပိုမိုသိရှိစေရန်လည်း ရည်ရွယ်သည်ဟု ဆို သည်။
ယနေ့ ပြုလုပ်သည့် ချင်းမိုင် ကျေးဇူးတော် အသင်းတော်၏ စျေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အစားအစာများ နှင့် ထိုင်းအစားအစာများကို ရောင်းချခဲ့ကြသည့်အပြင် မဲအစီအစဉ်၊ မျှားပစ်၊ နို့ဆီဗူးပစ်၊ ဘောလုံးကစားခြင်း အစရှိသည့် ပျော်ရွှင်စရာ ကစားနည်းများကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့ကြသည်။
ခရစ္စမတ်စျေးရောင်းပွဲတော်ကို ချင်းမိုင်ကျေးဇူးတော်အသင်းတော်အတွင်း ခရစ္စမတ်ကာလ ဒီဇင်ဘာလအတွင်း နှစ်စဉ်ကျင်းပလေ့ရှိကြပြီး ရရှိလာသည့် အလှူငွေများကို အသင်းတော်၏ ဧဝံဂေလိအစီအစဉ်များအတွက် အသုံး ပြုခဲ့သည့်အပြင် စစ်ရှောင်များအား ပေးလှူမှုများလည်း ရှိခဲ့သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မြန်မာနိုင်ငံသားများ နှစ်စဉ်ပါဝင် ဆင်နွဲလေ့ရှိသည့် စျေးရောင်းပွဲတော်လည်း ဖြစ်သည်။