ထားဝယ်ထောင် နိုင်ကျဉ်း သုံးဦးကို ထောင်ဒဏ် ၇ နှစ်စီ ထပ်တိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။
ထားဝယ် အကျဉ်းထောင်အတွင်း ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေဖြင့် နှစ်ရှည်ပြစ်ဒဏ် ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃ဦးကို ထောင်ဒဏ် ၇ နှစ်စီ ထပ်တိုးအမိန့် ချမှတ်လိုက်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
ထပ်တိုးအမိန့်ချခံရသည့် သူများမှာ ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူး၊ ကိုအောင်အောင်တို့ဖြစ်ပြီး ထားဝယ် ခရိုင်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“သုံးယောက်စလုံး အခုဆို တတိယအကြိမ်မြောက် အမိန့်ချခံရတာပါ၊ လက်ရှိတော့ နောက်ထပ် အမှုမရှိ တော့ ဘူးလို့တော့ တရားသူကြီးက ပြောတာပါပဲ။ ပြောလို့မရသေးဘူး။ စွဲချင်တဲ့ ဥပဒေပုဒ်မတွေနဲ့ လုပ်ချင်တဲ့အခါ ထလုပ်နေတာ” ဟု အသက် ၃၅ နှစ်အရွယ် မိသားစုဝင်တစ်ဦးက ပြောသည်။
ထပ်တိုး ထောင်ဒဏ် ၇ နှစ်နှင့် ယခင်ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံထားရသူ ကိုမြတ်ကျော်သူ က ၃၆ နှစ်၊ ယခင် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံထားရသူ ကိုမင်းဆက်မှူးက ၃၅ နှစ် နှင့် ထောင်ဒဏ် ယခင် ၁၂ နှစ် ချမှတ်ခံထားရ သည့် ကိုအောင်အောင်က ၁၉ နှစ် အထိ ထောင်ဒဏ်အသီးသီးကျခံရမည်ဖြစ်ပြီး ၎င်းတို့ ၃ ဦး အနက် ၂ ဦးမှာ စုစုပေါင်း အနှစ် ၃၀ ကျော် ကျခံရမည် ဖြစ်သည်။
၎င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့က ထပ်တိုး ထောင်ဒဏ် ၇ နှစ်စီကို ထားဝယ်အကျဉ်းထောင် တရားရုံးမှ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ပြစ်ဒဏ် ထပ်တိုးကျခံရမည့်သူ ၃ ဦးကို ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒု-ညွှန် ကြားရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်း ဦးဝေလင်းအောင်တို့နှစ်ဦးအား သတ်ဖြတ်မှုနှင့် ဘုံမ္မော်ရပ်ကွက် စာရေး ဒေါ်စန်းစန်းဝေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီမှ စက်တင်ဘာလ အတွင်းက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်း ဆိုသူကို ထားဝယ်ခရိုင် တရား ရုံး မှ ထောင်ဒဏ် ၇ နှစ်ထပ်တိုး အမိန့်ချမှတ်ခဲ့သဖြင့် ၎င်းလည်း စုစုပေါင်း ထောင်ဒဏ် ၄၈ နှစ် အထိ ရှိလာခဲ့ သည်။
အဆိုပါ ထားဝယ်ထောင်တွင် ထောင်ဒဏ် တစ်သတ်တကျွန်း ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား ၂ ဦး
နှင့် ထောင်ဒဏ် အနှစ် ၂၀ အထက် အမိန့်ချ ခံထားရသူ ၈ ဦးရှိနေကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် – DPPN မှသတင်းထုတ်ပြန်ထားသည်။
DPPN ၏ သတင်းထုတ်ပြန်ချက်များ အရ ထားဝယ်အကျဉ်းထောင် အတွင်း တရားရင်ဆိုင်နေရဆဲ နိုင်ငံရေး အကျဉ်းသူ/သား အယောက် ၂၀၀ ဝန်းကျင်ရှိနေပြီး အမိန့်ချ မှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ/သား အယောက် ၃၀၀ ဝန်းကျင်ရှိနေသည်။