နိုင်ငံကူး လက်မှတ်လျောက်ထားသူ လေးဆ မြင့်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း နိုင်ငံကူး လက်မှတ်လျှောက်သူ ဦးရေမှာ ယခင် ကထက် လေးဆနီးပါးခန့် မြင့်တက်လာပြီး တစ်ရက်လျှင် လူနှစ်ရာနှုန်း ထုတ်ပေးနေရသည်ဟု ပုသိမ်မြို့ရှိ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးသည့် ရုံးနှင့် နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်းအတွင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး နိုင်ငံကူး လက်မှတ်လျှောက်ထားသူ ဦးရေ မြင့်တက် လာကာ စစ်တပ်က အာဏာမသိမ်းခင်နှစ်များက တစ်ရက်လျှင် အများဆုံး လူဦးရေ ၅၀ ဝန်းကျင်ခန့်သာ ထုတ် ပေးခဲ့ရာမှ ယခု တစ်ရက်လျှင် လူအယောက် ၂၀၀ နှုန်းဖြင့် ထုတ်ပေးနေရခြင်း ဖြစ်သည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထဲက ဧရာဝတီတိုင်းအတွင်း၌ သန်းခေါင်စာရင်းပေါက် နေထိုင်ကြသူ များကိုသာ ပုသိမ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးကထုတ်ပေးခြင်း ဖြစ်ပြီး ၎င်းတို့အား ရုံးပိတ် ရက် များမှအပ နေ့စဉ်တစ်ရက်လျှင် လူဦးရေ အယောက် ၂၀၀ နှုန်း ထုတ်ပေးနေရခြင်း ဖြစ်သည်။
ပုသိမ်မြို့ရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးသည့် ရုံးက ဝန်ထမ်းတစ်ဦးက “ဧရာဝတီတိုင်းထဲမှာ နေထိုင်တဲ့ သူတွေ ပဲ လုပ်ပေးတာ။ တခြား တိုင်းနဲ့ ပြည်နယ်က သူတွေကိုတော့ လုပ်မပေးဘူး” ဟု ပြောသည်။
နိုင်ငံကူးလက်မှတ် ရဖို့အတွက် ပုံမှန် လေးလခန့်ကြာပြီး Passpost ရုံးကို တရားဝင် သတ်မှတ်နှုန်း ကျပ် ၅သောင်း သာ ပေးသွင်းရသည်ဟု ၎င်းကရှင်းပြသည်။
သို့သော် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသူ များလာခြင်းကြောင့် နိုင်ငံကူး လက်မှတ်အမြန် ရရှိရေး ပွဲစားများ မှ တဆင့် ငွေပိုပေးကာ လုပ်ရသည့် မှောင်ခိုစျေးကွက်လည်းရှိနေသည်။ နိုင်ငံကူးလက်မှတ် အမြန်ရရှိရန် လက်ရှိ ကာလ ပေါက်ဈေး ကျပ်သုံးသိန်းကျော်အထိ ရှိနေသည်ဟု Passpost မှောင်ခို ပွဲစား အသိုင်းအဝိုင်းထံမှ သိရ သည်။
နိုင်ငံကူးလက်မှတ်ကို အမြန်လုပ်လိုသူများက နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲအ ထူး သတင်းတပ်ဖွဲ့ (SB) တပ်ဖွဲ့ဝင်များ၊ စသုံးလုံး (စစစ) တပ်ဖွဲ့ဝင်များ၊ စရဖ တပ်ဖွဲ့ဝင်များထံ ပွဲစားများမှ တဆင့် ချိတ်ဆက်ကာ လုပ်ကြရသည်ဟု Passpost စာအုပ် အမြန်လုပ်ဖူးသူ တစ်ဦး က ပြောသည်။
နိုင်ငံကူး လက်မှတ်လုပ်ရန် အတွက် ပုသိမ်မြို့ကို သုံးကြိမ် အနည်းဆုံး လာရပြီး အမြန်ရရန် အတွက် ပွဲစားဖြင့် လုပ်ရာ စရိတ်စကအပါအဝင် ကျပ်လေးသိန်းကျော် ငါးသိန်းဝန်းကျင် အထိ ကုန်ကျသည်ဟု ဒေးဒရဲမြို့နယ်မှ နိုင်ငံကူး လက်မှတ် လာလုပ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးငယ်က “ပုံမှန်လုပ်ရင် ကြန့်ကြာတယ်၊ ဝန်ထမ်းတွေက ရစ်နေတာနဲ့ တိုးမယ်။ အဲတော့ ငွေကုန် ခံရတော့တာပေါ့။ ဝန် ထမ်းတွေက ငွေတောင်းတာ ဓါးပြတိုက်နေသလိုပဲ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကုန်စျေးနှုန်းကြီးမြင့်နေပြီး ဒေသတွင်း၌ အလုပ်အကိုင် ရှားပါးလာခြင်း ကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံများသည်လည်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူ များကဲ့သို့ ပြည်ပနိုင်ငံများကို သွားရောက် အလုပ်လုပ်ကိုင်လိုသူ တိုးမြင့်လာနေခြင်း ဖြစ်သည်ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန အကြီးတန်း အရာရှိဟောင်း တစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ်လျှောက်သူများထဲတွင် အများစုမှာ လူငယ်များဖြစ်ပြီး ကျေးလက်နေ လူငယ်များလည်း ပြည်ပထွက် အလုပ်လုပ်ကြသလို မြို့နေ လူငယ်အများစုကလည်း တက္ကသိုလ်များ ဆက်မတက်တော့ဘဲ ပြည်ပ ထွက်ပြီး အလုပ်လုပ်ကြသည်။
ပြည်ပထွက်ခွာပြီး အလုပ်အကိုင် လုပ်ကိုင်သူနေသူ အများစုက အိမ်နီးချင်းနိုင်ငံများရှိ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ အလုပ်ရုံ စက်ရုံ၊ အထည်ချုပ်၊ အိမ်အကူစတဲ့ အလုပ်များကို သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေပေးသည့် ကိုယ်စားလှယ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။