မော်လမြိုင်-ရန်ကုန် ည ရထား ဖျက်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။
မြန်မာ့မီးရထား (မော်လမြိုင်) က မော်လမြိုင် – ရန်ကုန် ညရထားခရီးစဥ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး ယာယီ ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
“လုံခြုံရေးကြောင့် ညရထားခရီးစဥ်တွေကို ဖျက်သိမ်းလိုက်တာလို့ သိရတယ်။ နေ့ခရီးစဥ်တွေကတော့ ပုံမှန် ရှိ နေမယ်။ ညခရီးစဥ်ကိုပဲ ဖျက်သိမ်းလိုက်တာ။ ကြိုတင်လက်မှတ် ဝယ်ထားတာကိုလည်း ငွေပြန်အမ်းပေးနေ တယ်။ ရထားလည်း မိုင်းထိနေတော့ ရထားနဲ့ ခရီးသွားရတာလည်း မလုံခြုံတော့ဘူး” ဟု မော်လမြိုင်မှ ခရီး သွားတစ်ဦးက ပြောသည်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲနေသည့် လူစီး ညရထားခရီးစဥ်များကို ယာယီဖျက်သိမ်းလိုက်သည်။
ထိုသို့ ရထားလမ်းပိုင်း မိုင်းဆွဲ တိုက်ခိုက်ခံရသည့် ခရီးသွားပြည်သူများကလည်း လုံခြုံရေး စိုးရိမ်က ရထားဖြင့် သွားမည့် ခရီးစဉ်များကို မော်တော်ယာဉ်လိုင်းများဖြင့် သွားလာနေကြရသည်ဟု ဒေသခံအချို့က ပြောသည်။
ရထားနှင့် သွားလာပါက ခရီးစရိတ်သက်သာသော်လည်း လုံခြုံရေးစိုးရိမ်သောကြောင့် ခရီးစရိတ်ပိုကုန်သည့် မော်တော်ယာဉ်လိုင်းများဖြင့်သာ သွားလာနေကြသည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက မော်လမြိုင် – ရန်ကုန် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်း ဘူတာအကြားတွင် ကုန်တင်ရထား မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မော်လမြိုင် – ရန်ကုန် လူစီး ညရထားခရီးစဥ်များ ကို ယာယီ ဖျက် သိမ်းလိုက်ခြင်း ဖြစ်သည်။
ခရီးစဥ်များ ဖျက်သိမ်းလိုက်သည့် အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသော ရိုးရိုးတန်း၊ အထက်တန်း လက် မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံးတွင် ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားပြည်သူများက ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး မော်လမြိုင်ဘူတာကြီးတွင် မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော လေအိတ် နေ့အမြန်ရထား တစ်စင်းသာ နေ့စဥ် အစုန်/အဆန် ပြေးဆွဲသွားမည်ဟု မြန်မာ့မီးရထား(မော်လမြိုင်) က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက မော်လမြိုင် – ရန်ကုန် ရထားလမ်းပိုင်း ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကုန်တင် ရထားတွဲများနှင့် ရထားလမ်းပိုင်း ပျက်စီးသွားခဲ့ပြီး ရထားခရီးများလည်း ရပ်နားခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မော်လမြိုင် – ရန်ကုန် ရထားလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း အစုန်ရထား မိုင်းဆွဲ တိုက်ခိုက်ခံရ သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင် – ရန်ကုန် ရထားလမ်းပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ် မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်။